အဆိုပါသံလွင်တံတား (ချောင်းဆုံ) ဆန္ဒဖော်ထုတ်ပွဲအတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အတူ မတ်လ ၁၇ ရက်နေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူ နိုင်အောင်မွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။
နိုင်အောင်မွန် က “ဆန္ဒဖော်ထုတ်ရာမှာ နိုင်ငံတော် အစိုးရမှ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျနော်တို့ တတ်နိုင်သလောက် လိုက်နာသွားမယ်၊ စာတင်ထားတဲ့အတိုင်း ဖြစ်အောင်တော့ စီမံခန့်ခွဲသွားမယ်” ဟုပြောသည်။
ဆန္ဒထုတ်ဖော်ရေးကော်မတီဝင် ၉၆ ဦးဖွဲ့စည်းထားပြီး မြို့နယ်အသီးသီးမှ မွန်ဒေသခံပြည်သူများအား ဆန္ဒဖော်ထုတ်ပွဲတွင် ပူးပေါင်းပါဝင်ရန် သွားရောက်နှိုးဆော်ထားကြောင်း ၄င်းက ဆက်ပြောသည်။
၄င်းဆန္ဒထုတ်ဖော်ပွဲ၌ “ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် အလိုမရှိ” “ဒေသခံ တိုင်းရင်းသားများ၏ဆန္ဒ အသိအမှတ်ပြုရေး” “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး” “စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး” “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး” စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မွန်လူငယ်အဖွဲ့ ဥက္ကဌ မင်းထွန်းမင်းက “ မော်လမြိုင်- ချောင်းဆုံ သံလွင်မြစ်ကူးတံတား ဆန္ဒပြဖို့ အတွက်ကို မွန်လူငယ်အဖွဲ့အနေနဲ့ ရန်ကုန်မြို့ပေါ်က မွန်ပြည်သူတွေ၊ မွန်လူငယ်တွေ၊ မွန်အဖွဲ့အစည်းအသီးသီး ပါဝင်လာအောင် ဖုန်း၊ အွန်လိုင်းမှတဆင့် လူစုပြီး ဖိတ်ကြားတာရှိပါတယ်” ဟုပြောသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားများ၊ ရန်ကုန်ရှိ မွန်ပြည်သူများ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ပြီး တက်ရောက်လာသူကိုယ်စား ၃ ဦး ဟောပြော သွားမည် ဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း ချောင်းဆုံမြို့နယ် ဒေသခံ (၃၀၀၀) ကျော်တို့ တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သော်လည်း ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်တံတားအဖြစ် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ပြီး ဖြစ်သည်။







