ကယား( ကရင်နီ ) ပြည်နယ် ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူ ကျော်ထင်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကယား( ကရင်နီ ) ပြည်နယ် ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူ ကျော်ထင်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

“ ဒီလက်ရှိလက်ကျန်ကာလမှာရော၊ နောက်တတိယအကြိမ်တက်မယ့်၊ တာဝန်ယူရမယ့် အစိုးရသစ်မှာရောပါ တကယ်တမ်းပြောရရင်တော့ ဒီအတွက်ကို ငြိမ်းချမ်းရေးဆိုင်ရာအရ လေ့လာသိရှိထားတဲ့သူမျိုးတွေ ပါဝင်မယ်ဆိုရင် ပိုပြီးတော့မှကို တိုင်းရင်းသားလက်နက်ကိုင် KNPP နဲ့ပိုမိုအားကောင်းလာလိမ့်မယ်ပေါ့။ တကယ်တမ်းက ပါးစပ်ကပဲ ပြည်သူ့အစိုးရတို့၊ လူထုရွေးချယ်ထားတဲ့အစိုးရလို့ ပြောနေပြီးတော့ တကယ့်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာကျတော့ တပ်မတော်တို့၊ တပ်မတော်အငြိမ်းစားတို့ကိုပဲ တာဝန်ပေးနေမယ်ဆိုရင်တော့ ဒါသည် ဘယ်လိုမှကို ပြည်နယ်အတွက် ပိုမိုအားကောင်းတဲ့အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မှာမ ဟုတ်ပါဘူး ခင်ဗျာ့။ ” လို့ ပြောတဲ့

ကယား( ကရင်နီ ) ပြည်နယ် ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူ ကျော်ထင်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း။

မေး ။ ။ နှစ်ဖက် သဘောတူညီချက်တွေကို ချိုးဖောက်တာတွေ၊ NLD အစိုးရလက်ထက်မှာ မလေးစား မလိုက်နာတာတွေ ရှိတယ်လို့ သုံးသပ်သွားတယ်ပေါ့နော။ အဲ့ဆိုတော့ ဘာတွေ ချိုးဖောက်သွားတာလဲ။ သူတို့လက်မှတ်ထိုးထားတဲ့ အချက်တွေ အပေါ် ဘာတွေ ချိုးဖောက်သွားတာလဲပေါ့။

ဖြေ ။ ။ ဟုတ်ကဲ့ KNPP ကနေပြီးတော့ ၂၀၁၂ မတ်လ ၁ ရက်နေ့မှာ ညှိနှိုင်းဆွေးနွေးတဲ့ အချက် ၂၀ ထဲမှာ ပါဝင်တဲ့ စီမံကိန်းကြီးတွေကို ယာယီ ရပ်ဆိုင်းထားဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ တကယ်တမ်းကျတော့ ပြည်ထောင်စု အဆင့်အနေနဲ့ ပထမ အကြိမ် ၂၀၁၂ ဂျွန်လမှာ ချုပ်ဆိုတဲ့ နေရာမှာ သဘောတူညီချက် အမှတ် ၆ မှာဆိုရင် ရွာသစ် စီမံကိန်းကဲ့သို့ စီမံကိန်းကြီးတွေပေါ့နော။ ရွာသစ် စီမံကိန်းကြီး အပါအဝင် အကြီးစား စီမံကိန်းတွေကို ယာယီ ရပ်ဆိုင်းထားရမယ်။ တကယ်တမ်း ဒီအပေါ်မှာကို လူထုတွေ အများပြည်သူနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုအသင်းအဖွဲ့တွေကိုလည်း လေ့လာခွင့်ပေးရမယ်။ ပွင့်လင်းမြင်သာစွာနဲ့ကို ချပြရမယ် ဆိုတာတွေ ပါတယ်။ အဲဒီ ဥစ္စာကိုပဲ ပြည်ထောင်စု အဆင့် ဒုတိယအကြိမ်မှာ ဆိုရင်လည်း ထပ်ပြီးတော့မှကို ထည့်သွင်းထားတယ်ပေါ့။ အဲ့တော့ အကြီးစား စီမံကိန်းကြီးတွေကို အများပြည်သူလူထုကို ချပြဖို့ မပြောနဲ့ သိတောင် မသိလိုက်ပဲနဲ့ကို ဒါက အစိုးရတွေက သဘောတူ ခွင့်ပြုလိုက်တာမျိုးတွေ ရှိတယ်။ စီမံကန်း တစ်ခု လုပ်မယ်ဆိုရင် ကြိုတင် အသိပေး အကြောင်းကြားပြီးတော့မှ ဒေသခံတွေရဲ့ သဘောထားသတ်မှတ်ချက် ရယူရမယ်ဆိုတဲ့ FPIC ပေါ့နော အဲ့ဒါတွေကလည်း မလုပ်ဆောင်ပဲနဲ့ကို ပြည်နယ် အစိုးရအနေနဲ့ ကန့်ကွက်ရာ မရှိကြောင်း ဆိုပြီး သဘောတူလိုက်တဲ့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကနေပြီးတော့မှ ခွင့်ပြုလာတာတွေကလည်း ရှိနေတယ်ပေါ့။

အဲ့ဒီအတွက်ကြောင့်မို့လို့ ဒါသည် လက်ရှိ နှစ်ဖက် သဘောတူညီထားတဲ့ ပြည်ထောင်စုအဆင့် ပထမ အကြိမ်ရော၊ ဒုတိယ အကြိမ်ရောကို ဒါ ပြည်ထောင် အစိုးရကနေပြီးတော့ ကျော်လွန် ချိုးဖျက်လိုက်သလို ဖြစ်လိုက်ပြီးတော့ တကယ်တမ်း ပွင့်လင်းမြင်သာမှုလည်း မရှိတဲ့ အခြေအနေနဲ့ကို သွားနေတာဆိုတော့ ဒါသည် ကျနော်တို့အနေနဲ့ကတော့ မဖြစ်သင့်ဘူး ဒါတွေက လက်ရှိအချိန်ထိ ပြည်ထောင်စု အဆင့် သဘောတူညီထားတာပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက်ဆိုရင် လေးစားလိုက်နာရမယ်လို့ပဲ ကျနော်တို့ကတော့ မြင်ပါတယ်။

မေး ။ ။ နောက်တစ်ခုကလေ မြေမြုပ်မှိုင်းတွေကိုလည်း ရှင်းလင်းဖို့ သူတို့ သဘောတူညီခဲ့ကြတယ်လေနော။ အဲ့ဒါတွေကို အခုလက်ရှိမှာ သူတို့ ဘာတွေ ဆွေးနွေးပြောဆိုထားတာတွေ ရှိလဲ။ ဘယ်လို အခြေအနေရှိလဲပေါ့။

ဖြေ ။ ။ လက်ရှိကာလ ဒီအပစ်ရပ်ကာလဖြစ်ပြီးတော့မှကို ဒီအပစ်ရပ်ကာလမှာ အခြေအနေပေါ်မူတည်ပြီးတော့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးသွားရမှာ မိုင်းရှင်းလင်းရေးတို့၊ ဒုက္ခသည်ပြန်လည်နေရာချထားရေးတို့ဆိုပါပါတယ်။ သို့သော်အခုအချိန်ထိ ယုံကြည်မှု တည်ဆောက်မှု အပိုင်းကို အားနည်းနေတယ်လို့ပဲ ကျနော်တို့တော့ သုံးသပ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့နှစ်ဖက်လုံးကလည်း မိုင်းရှင်းလင်းရေးကို စနစ်တကျ ပူးတွဲလုပ်ဆောင်တာတို့၊ တစ်ဖက်ချင်းစီကနေ ဖော်ဆောင်တာတို့ဆို တာမျိုးကို ကျနော်တို့မတွေ့ရသေးသလို ဂုဏ်သိက္ခာရှိစွာနဲ့ ၁၉၉၀ကျော်ကာလ ကျနော်တို့ဒေသခံတိုင်းရင်းသားတွေ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်စခန်းရောက်ရှိနေတဲ့ တိုင်းရင်းသားတွေ ပြန်လည်နေရာချထားရေးနဲ့ ဒီမှာဂုဏ်သိက္ခာရှိစွာ ပြန်လာရေးဆိုတာကလည်း အခုချိန်ထိ အကောင်အထည် မဖော်နိုင်သေးတဲ့အခြေအနေကို ကျနော်တို့တွေ့နေရတယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကတော့ သူတို့ရဲ့မိုင်းတွေဟာ စွန့်လွှတ်မိုင်းတွေပဲ ဖြစ်တဲ့အတွက် ၂နှစ်ထက်တော့ ပိုမခံဘူး။ အလွန်ဆုံး တစ်ချို့မိုင်းတွေဆိုရင်တော့ ၃နှစ်လောက် ခံရင်ခံမယ်ဆိုတော့ အခုလက်ရှိလက်မှတ်ထိုးထားတာ ၈နှစ်ဆိုတဲ့အတိုင်းအတာမှာကတော့ မိုင်းတွေကတော့ အသက်မရှိတော့ဘူးလို့ပြောသော်ညားလည်း တပ်မတော်ဘက်ကနေပြီးတော့မှ ထောင်ထားတဲ့တစ်ချို့မိုင်းတွေဆိုရင် ဒါ၂၀၁၈အထိ ကွဲနေသေးတာတွေလည်း ကျနော်တို့ကြားနေရတယ်။ သိနေရတယ်ပေါ့နော်။

အဲ့ဆိုတော့ အချို့သောတာဝါတိုင်အောက်တွေမှာ၊ အချို့သော တောလမ်းကြောင်းတွေမှာ၊ စစ်စခန်းတွေမှာသာလျှင်အသက်ရှိနေအုံးမယ်ဆိုရင်တော့ ဒီမိုင်းတွေရဲ့အသက်ဝင်နေမှုကြောင့်မို့လို့ကို ကျနော်တို့ဒေသခံလူထုတွေရဲ့ လုပ်ကိုင်ရှာဖွေစားသောက်တဲ့အခြေအနေကတော့ ကျုံ့နေသေးတဲ့အခြေအနေဖြစ်တယ်ပေါ့။ တကယ်ကယ်တမ်းသာလျှင် ဒါတွေကိုရှင်းပေးမယ်ဆိုရင်တော့ ကျနော်တို့လူထုတွေအနေနဲ့တောတောင်တွေထဲမှာ အသက်မွေးဝမ်းကြောင်းအရ လုပ်ကိုင်ရှာဖွေစားသောက်ဖို့အတွက်ကတော့ စိတ်ပိုင်းဆိုင်ရာ ပိုမိုလုံခြုံတဲ့အခြေအနေ ရှိပါလိမ့်မယ်။ လက်ရှိ ကာလမှာကတော့ စနစ်တကျရှင်းလင်းရေးကိုတော့ မဖော်ဆောင်သွားတဲ့အတွက်ကြောင့်မို့လို့ကိုတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအပိုင်းမှာတော့ နည်းနည်းလေးတော့ စိုးရိမ်စိတ်တွေတော့ရှိနေသေးတယ်ပေါ့ သို့သော်နှစ်ကာလ ကြာတာဖြစ်တဲ့အတွက်ကြောင့်မို့ အချို့သော နေရာတွေမှာ တော့ ဒေသခံလူထုတွေကတော့ သွားလာမှုတွေရှိနေပြီ ဖြစ်ပါတယ်။

မေး။ ။အဲ့တုန်းက သူတို့သဘောတူညီချက်ထဲမှာ KNPP က တရားမဝင်အသင်းအဖွဲ့မှ ပြန်ရုတ်သိမ်းပေးဖို့ ဆိုတဲ့ဟာ သဘောတူခဲ့တာလားဆရာ။

ဖြေ။ ။ မတူခဲ့ပါဘူးခင်ဗျာ။ မရုတ်သိမ်းပေးသေးပါဘူး။ ဒီ ၂၀၁၂၊ မတ်လ ၁ရက်နေ့မှာ တောင်းဆိုတဲ့အချက်ထဲမှာ ပါတယ်ပေါ့နော်။ တကယ်တမ်း ညှိနှိုင်းဆွေးနွေးဖို့နဲ့ တကယ့်ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက်နဲ့ တကယ်လုပ်ကိုင် ဆောင်ရွက်မှုတွေအတွက်ဆိုရင်တော့ ဒီစစ်အစိုးရလက်ထက်က သတ်မှတ်ထားတဲ့ တရားမဝင်အသင်းဆိုတာမျိုးကို ရုပ်သိမ်းပေးဖို့လိုအပ်ပါတယ်။

ဒါပေမယ့် အခုချိန်ထိကိုတော့ ဒီအစိုးရကရော၊ တပ်မတော်ကရောထုတ်ပြန်ကြေညာလာတာ မရှိသေးပါဘူးခင်ဗျာ့။ လက်ရှိပြောရမယ်ဆိုရင်တော့ KNPP ကို တရားမဝင်အသင်းအဖွဲ့အနေနဲ့ ပဲထားထားတယ်ဆိုရင်တော့ တကယ်တမ်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလိုတဲ့လူတွေအနေနဲ့က အခက်အခဲအဟန့်အတားတစ်ခု ရင်ဆိုင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားမဝင်အသင်းနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ပုဒ်မ(၁၇/၁-၁၇/၂)ဆိုတာတွေက ထောင်ဒဏ်(၂)နှစ် အထိအပြစ်ပေးလို့ရနေတဲ့ ပုဒ်မဖြစ်ပါတယ်။

သို့သော် ဒီအပေါ်မှာကိုတော့ ၈နှစ်တာကာလမှာ ငြိမ်းချမ်းရေးအတွက် ဆက်သွယ်ပြီးတော့မှ လုပ်ဆောင်ကူညီနေတဲ့ လူတွေအပေါ်မှာကိုတော့ အရေးယူခြင်းတော့မရှိဘူး။ ငြိမ်းချမ်းရေးအကျိုးအတွက်ကို လုပ်ကိုင်ဆောင်ရွက်မှုအပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ့ကိုတော့ တရားစွဲဆိုမှုတို့၊ အရေးယူတာတို့ မရှိပေမယ့် ဥပဒေကြောင်းဆိုင်ရာအရကတော့ တကယ်တမ်းတော့ ပယ်ဖျက်ပေးလိုက်ရင်တော့ တကယ့်ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ လူတွေအတွက် ပိုပြီးတော့စိတ်ပိုင်းဆိုင်ရာအရ အားပိုကောင်းပါလိမ့်မယ်ခင်ဗျ။ ပိုမိုပြီးတော့မှ ချိတ်ဆက်ဆောင်ရွက်မှုတွေကို အားထည့်နိုင်ပါလိမ့်မယ်ပေါ့။ သို့မဟုတ်ရင်တော့ ဒီလိုမရုတ်သိမ်းပေးသေးတဲ့အတွက်ကြောင့်မို့လို့ကို တကယ်တမ်း ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ကို ချင့်ချိန်ပြီးတော့မှ လုပ်ရတာတွေဖြစ်တဲ့အတွက် တကယ့်ငြိမ်းချမ်းရေးအတွက်ဆိုရင် တစ်ချို့အပိုင်းတွေမှာဆိုရင် အားမကောင်းတဲ့ အခြေအနေမျိုးတွေကို ဖြစ်ပေါ်စေပါတယ်။

မေး။ ။ သူတို့နှစ်ဖွဲ့ကြားမှာ ဒေသဖွံ့ဖြိုးရေးကတော့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အသင့်အသင့်ရှိတယ်လို့ဆရာပြောသွားသလိုပဲ။ ဘာတွေအသင့်သင့်ရှိတာလည်း ဆရာ။

ဖြေ။ ။ ဟုတ်ကဲ့ ဒေသဖွံ့ဖြိုးရေးပိုင်းဆိုင်ရာတွေမှာဆိုရင် နကိုယ်တုန်းက သွားလာဖို့အတွက် အညိုရောင်၊ အနက်ရောင် သတ်မှတ်ထားခဲ့တဲ့နယ်မြေတွေက အခုဆိုရင် ဒါက တော်တော်များများမှာကို အသိပေးအကြောင်းကြားပြီးတော့ လက်နက်ကိုင်ဆောင်သွားတာတွေလည်း ရှိသလို၊ တစ်ချို့မှာတော့ လက်နက်မပါဘူးဆိုရင် လွှတ်လပ်စွာသွားလာမှုတွေလည်း ရှိသွားတယ်။ လူထုတွေအနေနဲ့ဆိုရင်လည်း သွားလာကူးသန်းမှုတွေရှိလာတဲ့အတွက် လမ်းဖောက်၊ တံတားဆောက်တွေကလည်း တော်တော်လေးကို အပစ်ရပ်ကာလ ၂၀၁၂နောက်ပိုင်းမှာ လုပ်ဆောင်လာနိုင်တာကိုတွေ့တယ်။ အခြားသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာအရ CSOsတွေ၊ IMGOတွေ၊ MGOs တွေကလည်း တစ်ချို့သောလက်နက်တွေရဲ့ စိုးမိုးနယ်မြေ၊ ကျေးရွာတွေအထိကို ဝင်ရောက်လုပ်ကိုင်ခွင့်တွေရနေပြီပေါ့နော်။ အဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဒေသဖွံ့ဖြိုးရေးတွေမှာကတော့ အနည်းအကျဉ်းကို လုပ်ကိုင်ဆောင်ရွက်မှုတွေ ရှိလာသလို သက်ဆိုင်ရာရပ်ကျေးတွေမှာကလည်း ဖွံ့ဖြိုးရေးဆိုင်ရာတွေအရ ချိတ်ဆက်ပြီးတော့မှ သွားနေတဲ့ အပိုင်းလေးတွေကလည်း အဆင်ပြေလာကြတယ်။ အစိုးရဌာနပိုင်းဆိုင်ရာအချို့ကလည်း တစ်ချို့ နကိုယ်လှည့်မကြည့်ခဲ့တဲ့ရွာတွေကို အခု အနည်းငယ်ထည့်သွင်းပြီးတော့မှ လုပ်ဆောင်ပေးလာတာမျိုးတွေလည်း တွေ့ရတာဖြစ်တဲ့အတွက် ဒီအပစ်ရပ်ကာလ ၂၀၁၂နောက်ပိုင်းမှာတော့ ဒေသဖွံ့ဖြိုးရေးတွေကတော့ တိုးတက်လာတယ်လို့ပဲ သုံးသပ်ပါတယ်ခင်ဗျာ့။

မေး။ ။ ဒီပြည်နယ်အဆင့်မှာ အစိုးရနဲ့ပုံမှန်တွေ့ရမယ်ဆိုတာတွေ သဘောတူညီခဲ့ကြတယ်ပေါ့နော်။ အဲ့တော့ဆရာအခုနပြောသွားတာ အရပ်သားတွေရေးထားတဲ့ကိုယ်စားလှယ်တွေက မပါပဲနဲ့ဒီလိုမျိုး ထွေအုပ်တို့၊ စစ်တပ်ဘက်က ဝန်ထမ်းတွေတို့အဲ့လိုပဲတက်ရောက်နေတယ်ဆိုတော့ အဲ့ဒါတွေက ဘာကြောင့်ဖြစ်ရတာလည်း၊ ဘယ်လိုဖြစ်သင့်လဲ ဆရာ။

ဖြေ။ ။ တကယ်တမ်း ပြည်နယ်အစိုးရကနေ တာဝန်ရှိသူ တစ်ဦးက အနည်းဆုံးကိုတော့ ပါရမှာပေါ့နော်။ ဒါပေမယ့် ပြည်နယ်အစိုးရထဲမှာတော့ပါတယ်ဆိုတဲ့ လုံခြုံရေးနဲ့နယ်စပ်ဝန်ကြီးကိုပဲ တာဝန်ပေးတာမျိုးတွေဖြစ်သွားတယ်။ ဒါအပြင်အခြားသော ဝန်ကြီးချုပ်မဟုတ်ရင်တောင် ဝန်ကြီးတစ်ဦးဦးပါရမယ်၊ အရပ်သားတွေကနေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကနေတစ်ဆင့် ဝန်ကြီးဖြစ်သွားတဲ့လူတွေပါရမယ်ဆိုပေမယ့်လည်း ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဆိုတဲ့ ရုံးပိုင်းဆိုင်ရာဝန်ထမ်းပေါ့နော် အဲဒါကလည်းများသောအားဖြင့်က တပ်မတော်ဘက်ကနေပြီးတော့ အရပ်ဝတ်လဲပြီးတော့မှ တာဝန်ထမ်းဆောင်တဲ့ သူတွေပဲ ဖြစ်တာမို့လို့ကို ဒီ (၃)ဦးစီတွေ့စုံတဲ့ပွဲတွေမှာကို ဒီအရပ်သားပိုင်းမပါဘူးဆိုတဲ့ အသံတွေကို ကျနော်တို့ကြားရပါတယ်ခင်ဗျာ။ အခုဆိုရင်လည်း ပုံမှန်တစ်လတစ်ကြိမ်တွေ့စုံဖို့ပြောဆိုထားကြပေမယ့်လည်း (၃-၄)လမှ တစ်ကြိမ်လောက်၊ တစ်ကြိမ်ဆိုပေမယ့်လည်း သိပ့်ပြီးတော့မှ အထူးအထွေမဟုတ်ပဲနဲ့ ဒေသအတွင်းဖွံ့ဖြိုးရေး အနည်းငယ်လောက်ပဲ ပြောဆိုဆွေးနွေးနိုင်ပြီးတော့မှ တကယ့်ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆိုင်ရာတွေ၊ ကျန်တဲ့ညှိ နှိုင်းမှုဆိုင်ရာတွေဆိုတာမျိုးကို ဆွေးနွေးနိုင်စွမ်းမရှိတာကိုတွေ့ရတယ်။

ဒါသည် ပြည်နယ်အစိုးရအဖွဲ့မှာရှိနေတဲ့ လူတွေရဲ့ငြိမ်းချမ်းရေးပေါ်မှာ မသိနားမလည်မှုတွေ၊ သူတို့ကိုယ်တိုင်က ဒါနဲ့ပတ်သတ်ပြီးတော့မှ အတွေ့အကြုံပိုင်းဆိုင်ရာအရရော၊ ဗဟုသုတပိုင်းဆိုင်ရာအရရော မရှိမှုကြောင့်လို့ တာဝန်မယူရဲတဲ့အတွက်ကြောင့်မို့လို့ကို မလုပ်ဘူးလို့ပဲ ကျနော်တို့အနေနဲ့ကတော့ မြင်ပါတယ်ခင်ဗျာ့။

မေး။ ။ သူတို့အတွေ့အကြုံမရှိလို့လား။ ဒါမှမဟုတ်ရင် ဗဟိုကထိန်းချုပ်နေတာကြောင့်လား။ ဆရာအမြင်ကို ပြောပြပေးပါ။

ဖြေ။ ။ အချို့သောကိစ္စရပ်တွေကို ဒီ NRPC ပြည်ထောင်စုအဆင့်ကိုပဲ များသောအားဖြင့် ဘော်လီဘောပုတ်တယ်ပေါ့နော်။ ဒါပေမယ့် တကယ်တမ်းကမြေပြင်အခြေအနေတွေမှာ တစ်ချို့တွေကတော့ ပါကိုပါဝင်ရမှာပဲ ဖြစ်ပါတယ်။ အရပ်သားရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်ဖြစ် ပါရမယ်။

တကယ်တမ်းပြောရရင်တာ့ တာဝန်ရှိတာက ပြည်နယ်အကြီးအကဲလို့နာမည်ခံထားတဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဒါပေမယ့် အခု ၄နှစ်ကျော်ပြုတ်တာသွားလိုက်တယ် တကယ်တမ်း ပြည်ထောင်စုအဆင့်ကလာတဲ့ တစ်ကြိမ်လောက်သာလျှင်သူကနေပြီးတော့မှ သူစကားမပြောရတဲ့နေရာမျိုးလောက်မှာပဲပါတယ်။ တကယ်တမ်းသူဦးဆောင်ရမယ့် ကဏ္ဍာတွေမှာဆိုရင် သူ့အနေနဲ့တာဝန်ယူမှု၊ တာဝန်ခံမှုပိုင်းတွေအားနည်းပြီးတော့မှ ကျန်တဲ့လူတွေကိုပဲ စေလွှတ်တာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကို ပြည်ထောင်စုအဆင့်ကိုပဲ ဘော်လီဘောပုတ်ခြင်းသည် အချို့အပိုင်းကတော့အဆင်ပြေပေမယ့်၊ တစ်ချို့ အပိုင်းကတော့ အဆင်မပြေမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့တကယ်တမ်း ဒီလက်ရှိလက်ကျန်ကာလမှာရော၊ နောက်တတိယအကြိမ်တက်မယ့်၊ တာဝန်ယူရမယ့်အစိုးရသစ်မှာရောပါ တကယ်တမ်းပြောရရင်တော့ ဒီအတွက်ကိုငြိမ်းချမ်းရေးဆိုင်ရာအရ လေ့လာသိရှိထားတဲ့သူမျိုးတွေ ပါဝင်မယ်ဆိုရင် ပိုပြီးတော့မှကို တိုင်းရင်းသားလက်နက်ကိုင် KNPP နဲ့ပိုမိုအားကောင်းလာလိမ့်မယ်ပေါ့။ တကယ်တမ်းက ပါးစပ်ကပဲ ပြည်သူ့အစိုးရတို့၊ လူထုရွေးချယ်ထားတဲ့အစိုးရလို့ ပြောနေပြီးတော့ တကယ့်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာကျတော့ တပ်မတော်တို့၊ တပ်မတော်အငြိမ်းစားတို့ကိုပဲ တာဝန်ပေးနေမယ်ဆိုရင်တော့ ဒါသည် ဘယ်လိုမှကို ပြည်နယ်အတွက် ပိုမိုအားကောင်းတဲ့အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး ခင်ဗျာ။

May 7, 2024
ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရင်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို...
May 7, 2024
ကရင်နီပြည် ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းနှစ်ခုကို...
May 6, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့...
May 3, 2024
ကရင်နီပြည် ရှားတောမြို့နယ်မှာ ရှားတောမြို့လုံခြုံရေးအတွက် ကရင်နီတပ်မတော်(KA) နဲ့...