သျှမ်းမြောက်တွင် ၂ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရ၊ တဦးသေ

သျှမ်းမြောက်တွင် ၂ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရ၊ တဦးသေ

သျှမ်းပြည်မြောက်ပိုင်း တွင် ၂ ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရပြီး၊ အမျိုးသားတဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ရက် ည ၇နာရီ ဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၇)၊နယ်မြေ (၅)တွင် နေထိုင်သည့် အမျိုးသားတဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့က သေနတ်လာရောက်ပစ်သွားပြီး၊ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ မှ စိုင်းဝဿုန်ထွန်း က “ စက်တင်ဘာ (၅)ရက်နေ့က အမျိုးသားတဦး သေနတ်ပစ်ခံရပြီး၊ ပွဲချင်းပြီး သေဆုံးခဲ့တယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသေနတ်ပစ်ခံရပြီး သေဆုံးသွားသူကို လားရှိုး ရွှေသံလွင် လူမှုကူညီရေးအသင်းမှ သွားရောက် သယ်ဆောင်ကာ လားရှိုး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

“ သေနတ်ဒဏ်ရာကတော့ ရင်ဘတ်တည့်တည့်ပါပဲ။ ဘယ်အဖွဲ့ကလာပစ်လဲ မသိဘူး” ဟု လားရှိုးမြို့တွင် နေထိုင်သည့် စိုင်းမင်း က ပြောသည်။

ထိုနည်းတူ စက်တင်ဘာ ၆ ရက် ည (၇နာရီခွဲ) အချိန်တွင် သီပေါမြို့ ရွှေကျောင်းရပ်ကွက်တွင် အမျိုးသမီး တဦး သေနတ်ပစ်ခံရပြီး ခြေထောက်တွင် ကျည်ထိမှန်ခဲ့ကြောင်း သီပေါမြို့နေထိုင်သူ အသိုင်းအဝန်းက သျှမ်းသံတော် ဆင့်ကို ပြောသည်။

“ မနေ့ညကတော့ အမျိုးသမီး သေနတ်ပစ်ခံရတာ ဟုတ်ပါတယ်။ ခြေထောက်ထိသွားတယ်။ အခြေအနေ က မစိုးရိမ်ရဘူး” ဟု ရွှေကျောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနီဝင်းဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

မည်သည့် လက်နက်ကိုင် အဖွဲ့မှ လာရောက်ပစ်သည်ကို စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ဦးနီဝင်းဦး က ပြောသည်။

“ ကျနော်တို့ ဒီအမှုကို စုံစမ်းနေဆဲပါ။ ကျနော်တို့ သေချာပြောလို့မရသေးဘူး။ လက်ရှိမှာတော့ ခြေထောက် ထိမှန်တဲ့သူကတော့ ဆေးရုံမှာပါပဲ” ဟု ဦးနီဝင်းဦး က ပြောသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး သီပေါမြို့မရဲစခန်းကို သျှမ်းသံတော်ဆင့် မှ ဖုန်းဆက်သွယ်မေးမြန်းသည့်အခါ စုံစမ်းနေဆဲကြောင်း သာ ဖြေဆိုခဲ့သည်။

သျှမ်းမြောက် လားရှိုးမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း သေနတ်ပစ်သတ်ခံရမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး၊ တရားခံကိုတကြိမ်တခါမျှ မဖမ်းဆီးရမိကြောင်းလည်း ဒေသခံများက ပြောသည်။

“ သေနတ်ပစ်ခံရတယ်။ ပြီးရင် ဒီတိုင်းပဲ အမှုကပျောက်သွားတယ်။ တရားခံ တခါမှ မမိဘူး။ ကျနော်တို့က ဒီမှာနေတာနေနေရတာ စိတ်တော့မလုံခြုံဘူး” ဟု သီပေါ ဒေသခံအမျိုးသမီး တဦးကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့စစ်များနှင့် အစိုးရ တပ်မတော်တို့ လှုပ်ရှားသွားလာသည်ဖြစ်ရာ တိုက်ပွဲလည်းမကြာခဏ ဖြစ်ပွါးသည့်နေရာဖြစ်ပါသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...