သူနာပြုတက္ကသိုလ်ကျောင်းဆင်းများကို ပြည်သူ့ဆေးရုံများတွင် ၆ လ တာဝန်ထမ်းဆောင်ပြီးပါက လိုင်စင်ထုတ်ပေးခဲ့ရာမှ ယခု ၃ နှစ်အထိ တိုးမြှင့်လိုက်ကာ အဆိုပါ ၃ နှစ်ထမ်းဆောင်ပြီးမှသာ လိုင်စင်ထုတ်ပေးသည့် စနစ်သစ်အပေါ် ကန့်ကွက်နေကြခြင်း ဖြစ်သည်။
သူနာပြုလိုင်စင်အား ၃ နှစ်အကြာမှသာရရှိမည့်အတွက် ကျောင်းဆင်းများမှာ လိုင်စင်မဲ့သူနာပြုများ ဖြစ်သွားကြောင်းနှင့် လိုင်စင်မဲ့အနေဖြင့် ပြည်သူများအား စောင့်ရှောက်ရန်လုံခြံုမှုမရှိဟု သူနာပြုတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ မအေးမိစံက ပြောသည်။
" သူနာပြုလိုင်စင်ဆိုတာ ရှိပါတယ် ။ ကျောင်းပြီးတဲ့အချိန်မှာ ကျွန်မတို့ အလုပ်သင်ဝင်ရင် လိုင်စင်ကိုင်ဆောင်ပြီးမှသာလျှင် သူနာပြုအဖြစ် ရောက်ပါတယ်။ အခုဟာက ကျွန်မတို့ဟာ လိုင်စင်မဲ့သူနာပြုတွေကနေ စောင့်ရှောင့်မှုပေးနေရတဲ့အတွက် လုံခြံုမှုမရှိတော့ပါဘူး " ဟု သူနာပြုတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ မအေးမိစံက ပြောဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်စာထုတ်ပြန်ခဲ့သည့် ဖေဖော်ဝါရီလဆန်း နောက်ပိုင်း သူနာပြုတက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် သူနာပြုရပ်ဝန်းက ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးကမ်ပိန်းများ၊ လူမှုကွန်ယက်ကမ်ပိန်းများ၊ ထုတ်ပြန် စာထုတ်ပြန်ခဲ့ခြင်းများပြုလုပ်ခဲ့ပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်စာတစ်စောင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများသို့ ပေးပို ့ထားကြောင်းလည်း သိရသည်။
မတ် ၁၀ ရက်က သူနာပြုတက္ကသိုလ်ကျောင်းသားများ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၅ ရက် အတွင်း အစိုးရမှ သူနာပြုကျောင်းသား၊ ကျောင်းသူတွေများ၏ တောင်းဆိုမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက ကန့်ကွက်မှုမျိုးပြုလုပ်မည်ဟု ပြောဆိုုထားပြီး
ယနေ့တွင် လမ်းမတော် သူနာပြုတက္ကသိုလ်ရှေ့မှ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
သူနာပြုတက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ဆန္ဒထုတ်ဖော်နေစဉ် ဆေးတက္ကသိုလ် (၂) ကျောင်းသားသမဂ္ဂမှလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်စာသည် သူနာပြုတို့၏ အသက်မွေးလမ်းကြောင်းကို ထိခိုက်စေသည်ဟု ထောက်ခံသည့် ကြေညာချက်ကို ပေးပို့ခဲ့သည်။
ဆန္ဒဖော်ထုတ်ရာ၌ သူနာပြုများအနေဖြင့် " ပြည်သူ့ဆေးရုံများတွင် လိုင်စင်မဲ့သူနာပြုများက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ကို သင်သိပါသလား " ၊ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် လုံခြံုမှု မရှိတော့ပါဘူး " ၊ " သူနာပြုရပ်ဝန်း ဖိနှိပ်မှုရပ် " စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။







