ပလက်ဝမြို့ပေါ်တွင် ဆန်ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများ အခက်အခဲကြုံနေရ

ပလက်ဝမြို့ပေါ်တွင် ဆန်ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများ အခက်အခဲကြုံနေရ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်တွင် ဆန်နှင့်အခြားစားသုံးကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိသည့်အတွက် မြို့ပေါ်တွင်နေထိုင်ကြသော ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံတွေ့ နေကြရသည်ဟု ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီက ပြောဆိုလိုက်သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)အကြားဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခကြောင့် ရခိုင်ပြည်နယ် ကျောက်တော်နှင့်ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ကတည်းက ယနေ့ချိန်ထိ ပိတ်ပင်ထားသည့်အတွက် ဆန်နှင့်အခြားစားသုံးကုန်ပစ္စည်းများ သယ်ယူ၍မရတော့ဘဲ ပလက်ဝမြို့ပေါ်ရှိဒေသခံပြည်သူများသည် စားနပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အပါအဝင် ကမ္ဘာစားနပ်ရိက္ခာအစီစဉ်(WFP) ကဲ့သို့သော အဖွဲ့အစည်းများက ရိက္ခာဆန်ပြတ်လပ်နေသည့် ပလက်ဝမြို့နယ်အတွက် ဆန်နှင့် အခြားကုန်စည်များ ပို့ဆောင်ပေးမှုရှိနေသော်လည်း စစ်ဘေးဒုက္ခသည်များအတွက်သာဖြစ်ပြီး မြို့ပေါ်နေဒေသခံပြည်သူများမရရှိကြသည်အတွက် ဆန်ပြတ်လပ်နေကြရသည်ဟု ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီခေါင်းဆောင် ဦးရာကျော်ကပြောသည်။

” ပလက်ဝ -ဆမီးဖက်လမ်းကြောင်းကနေ ပို့ပေးတဲ့ဆန်တွေကလည်း စစ်ဘေးရှောင်တွေအတွက် သီးသန့်ဘဲပေးတဲ့အခါကြတော့ သူတို့အတွက်ပဲ လုံလောက်တယ်၊ ကျွန်တော်တို့ပြည်သူတွေအတွက်တော့ မလုံလောက်တော့ဘူး၊ စစ်ဘေးရှောင်တွေတိုးလာတဲ့အခါကြတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ ကြတော့ မရတော့ဘူးပေါ့ ” ဟု ဦးရာကျော်ကပြောသည်။

ပလက်ဝမြို့နယ်သည် ၂၀၁၅ ခုနှစ်မှစပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းတွင် တိုက်ပွဲများပိုမိုပြင်းထန်လာကာ ပလက်ဝ- ကျောက်တော် ယာဉ်လိုင်းပြေးဆွဲမှုလည်း ရပ်နားခဲ့ရသည်။

ထိုကဲ့သို့ ယာဉ်လိုင်းပြေးဆွဲမှုမရှိတော့သည့်အတွက် အခြေခံစားသောက်ကုန်အတွက် ရခိုင်ပြည်နယ်ကို အဓိက အားထားနေရသည့် ပလက်ဝမြို့နယ်တွင် ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်သွားသည့်အပြင် ဆန်ဆိုလျင် ဝယ်စရာတောင်မရှိသည့်အတွက် ပလက်ဝမြို့ပေးရှိ အိမ်ထောင်စု (၁၇၇၁) စု လူဦးရေ (၈၃၀၃) တို့သည် စားနပ်ရိက္ခာပြတ်လပ်၍ အခက်အခဲများ ရင်ဆိုင်နေကြရသည်ဟု ဦးရာကျော်ကဆက်ပြောသည်။

“ကျွန်တော်တို့ကဒီမှာက ဆန်ဝယ်မဲ့နေရာမရှိဘူး ။တချို့က အရင်ကဈေးကြီးကြီးနဲ့ဝယ်တဲ့ နည်းနည်းပါးပါးကျန်တဲ့ ဟာတွေလောလောဆယ်စားသုံးကြတယ် ။ အခုဇူလိုင်လကုန်ပိုင်းကနေစတာ မရှိတဲ့သူတွေကမရှိကြတော့ဘူး၊ ရှိတဲ့သူတွေရှိတယ် လက်လုပ်လက်စားတွေကစားစရာဆန်မရှိတော့ဘူး” ၎င်းကဆက်ပြောသည်။

ထို့ကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပလက်ဝမြို့နယ် ပြည်သူလူထု၏ ဆန်နှင့် အခြေခံစားသောက်ကုန်များပြတ်လပ်နေမှုအပေါ် အမြန်ဆုံး ကူညီထောက်ပံ့ဆောင်ရွက်ရန်လိုအပ်ကြောင်း ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီက တောင်းဆိုထားသည်။

ပလက်ဝမြို့နယ်သည် ၂၀၁၅ ခုနှစ် တိုက်ပွဲစတင်ဖြစ်ပွားလာသည့် နောက်ပိုင်းကစ၍ ဒေသခံပြည်သူများ၏ တောင်ယာလုပ်ငန်းထိခိုက်လာသည့်အပြင် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ထားခြင်းကြောင့် ပိုမို အခက်ကြုံနေကြရခြင်းဖြစ်သည်ဟု ပလက်ဝဒေသသတင်းများကို အဓိကရေးသားဖော်ပြနေသော ခူမီးမီဒီယာအဖွဲ့၏ အယ်ဒီတာချူပ်က ကိုပီတာလွယ်လူးကပြောသည်။

“အခု လမ်းတွေကတော့ ပိတ်ထားနေဆဲပဲ ကျောက်တော်-ပလက်ဝလမ်းတွေက ပြီးတော့ ကျနော်တို့ဒေသမှာက ဒေသခံတွေ တောင်ယာလုပ်ငန်းကိုပဲအားကိုးနေရတာလေ ၂၀၁၅ ကနေပြီး တိုက်ပွဲတွေက ဖြစ်နေတော့ တောင်ယာတွေက ကောင်းကောင်းမွန်မွန်လုပ်လို့မရဘူး အရင်တုန်းကဆိုရင် စက်တင်ဘာလလောက်ဆိုရင် စပါးတွေက မှည့်ပြီး ရိုက်သိမ်းလို့ရပြီလေ တိုက်ပွဲကြောင့် တောင်ယာတွေမလုပ်နိုင်ကြတော့ စပါးတွေကလည်းမထွက်ဘူးလေ ဒါကြောင့် ပလက်ဝပြင်ပက ဆန်တွေကို အဓိကအားထားနေရတာ အခုလမ်းကလည်းပိတ်ထားတော့ အတော်လေး ဒုက္ခဖြစ်ကြတာပေါ့” ဟု ကိုပီတာလွယ်လူးကပြောသည်။

April 23, 2024
NLD အစိုးရလက်ထက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု...
April 23, 2024
ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများအားလုံး...
April 19, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေယာဉ် ၄ စီးဖြင့် ပေါင် ၅၀၀...
April 19, 2024
မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘဂ်လားရှေဒ့်နှင့် မဏိပူရ်ပြည်နယ်က...