မြောက်ဦးအနီးတိုက်ပွဲပြင်းထန်၊ ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်၊ ကားအသွားအလာရပ်နေဆဲ

မြောက်ဦးအနီးတိုက်ပွဲပြင်းထန်၊ ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်၊ ကားအသွားအလာရပ်နေဆဲ

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မြောက်ဘက် အုတ်ဖော်ကန်အနီးတတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင် ၃၀ ရက်မွန်းလွဲချိန်တွင် စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံ မျက်မြင်များက ပြောသည်။

ထမ္မရာဇ်ကျေးရွာသို့ ဆက်သွယ်ရာ ရွာသားတစ်ဦးက “ လာပစ်တာက စက်သေနတ်နဲ့ ပစ်တယ်။ စစ်ရဟတ်ယာဉ် နှစ်စီးပါ။ အလုံးကြီးတွေလည်းချတယ်။ ကျွန်တော်တို့ ခေါ်တာ ဘုရားနီကွင်းလို့ ခေါ်တယ်။ အဲဒီလယ်ကွင်းနားကို လာပစ်တာ။ မွန်းလွဲ ၂ နာရီခွဲလောက်မှာ လာပစ်တယ်။ ၃ နာရီလောက်မှ ပြန်သွားတယ်” ဟု ပြောကြားသည်။

ထမရာဇ်ရွာသားများမှာ ပစ်ခတ်သံများကို ကျယ်လောင်စွာကြားရသဖြင့် ကြောက်လန့်ပြီး အိမ်အောက်ဗုံးခိုကျင်းများတွင် ဝင်ပုန်းနေကြသည်ဟု ပြောဆိုသည်။

နံနက် ၅ နာရီကျော်မှ စတင်ပြီး နေ့လယ်ပိုင်းထိ အဆိုပါ ဘုရားနီကွင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ ဘုရားနီးကွင်းအနီးက သရက်တစ်ပင်ကောက်နားမှာ မနက်က ဖြစ်တယ်လို့ ကြားပါတယ်။ ဘယ်သူမှ သွားလို့ မကြည့်ဝံ့တဲ့အတွက် ဘာတွေ ဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ ကျွန်တော်တို့က သေနတ်သံတွေကို ကြားရတာကလွဲပြီး ဘာမှ သတင်းမရပါ။ ကားအသွားအလာလည်း အခုထိ ရပ်နေပါတယ်” ဟု ညနေ ၄ နာရီက ဆက်သွယ် မေးမြန်းစဉ် ပြောကြားသည်။

ပီပင်ရင်းရွာသား တစ်ဦးက “ ဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့ရွာဆိုရင် သုံးမိုင်လောက်ဝေးပါတယ်။ လယ်ကွင်းတွေဘဲ တစ်ဆက်စပ်တည်းရှိတဲ့ ရဟတ်ယာဉ်တွေ ဝဲပျံပြီး ပစ်ခတ်တာတွေကို မြင်ရပါတယ်။ မိနစ် ၃၀ လောက်ပစ်ပြီး ပြန်သွားပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် စစ်တွေ-ရန်ကုန်ကားလမ်း ကားအသွားအလာလည်း ညနေပိုင်းထိ ရပ်တန့်နေသည်ဟု ဒေသခံများက ပြောကြားသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ဒေသခံတွေကတော့ မွန်းလွဲ ၂ နာရီ ခွဲလောက်မှာ ရဟတ်ယာဉ် နှစ်စီးနဲ့ လာပစ်တယ်လို့ ပြောပါတယ်။ ဘယ်အမျိုးအစား ရဟတ်ယာဉ်ဆိုတာတော့ မသိဘူး” ဟု ပြောသည်။

ယခု ပစ်ခတ်မှု ဖြစ်ပွားနေသည့် နေရာသည် မြောက်ဦးမြောက်ဘက် တစ်မိုင်ကျော် နှစ်မိုင်ခန့်အကွာ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ မြောက်ဦးနှင့် အုတ်ဖော်ကန်ကျေးရွာအကြားတွင် ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးသို့ ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...