လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်များကို ထုတ်ပြန်လိုက်သည်။
၂၀၂၀ ပြည်နှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပထမအကြိမ်အနေဖြင့် ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း က “ကျနော်တို့က ပထမအကြိမ် အတည်ပြုတာက ၂၃ ယောက်၊ ဒုတိယအကြိမ်ထပ်မံအတည်ပြုဖို့ရှိပါတယ်။ ကချင်ပြည်နယ်မှာတော့ ၁၇ နေရာ၊ ရှမ်းပြည်မှာ ၂ နေရာ၊ မန္တလေးတိုင်း မိုးကုတ်မှာ ၄ နေရာ၊ အခုက လီဆူတိုင်းရင်းသားရေးရာ က နှစ်နေရာ ယှဉ်ပြိုင်မယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ပေါ့နော်။ နှစ်နေရာလုံးမှာ ဒူးလေးပါတီဝင်အနေနဲ့ ဝင်ပြိုင်မယ်။ နောက်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် အသီးသီးကိုဝင်ရောက်ယှဉ်ပြိုင်မယ်” ဟု ပြောသည်။
ပြည်နယ် ၂ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဒေသအလိုက် လီဆူတိုင်းရင်းသားလူမျိုးရေးရာ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် ပြည်နယ်လွှတ်တော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဦးရွှေမင်း က ပြောသည်။
“ကချင်ပြည်နယ်မှာတော့ လီဆူတိုင်းရင်းသားလူမျိုးရေးရာပေါ့ အဲ့ဒါပြိုင်မယ်။ နှစ်က ပူတာအိုမှာ လေးနေရာ လုံးယှဉ်ပြိုင်မယ်။ ခေါင်လန်ဖူးမှာ သုံးနေရာယှဉ်ပြိုင်မယ်။ ဆော့လော်မှာ နှစ်နေရာယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိတယ်။ ချီဖွေမှာ သုံးနေရာလုံးယှဉ်ပြိုင်သွားမယ်။ သို့သော် လတ်တလောမှာတေ့ နှစ်နေရာ ထုတ်ပြန်ထားတယ်။ ဒုတိယအကြိမ်မှာ ထပ်ထုတ်ပြန်မယ်။ ဝိုင်းမော်မှာ ပြည်သူ့လွှတ်ပြန်သေးတယ်။ သုံးနေရာကျန်တယ်။ တနိုင်းမှာ လေးနေရာရှိတယ်။ လက်ရှိမှာ သုံးနေရာကို အမျိုးသားရယ်၊ ပြည်နယ် (၂) ရယ်၊ ပြည်သူ့ရယ်ကို အတည်ပြု ပြီးပြီ၊ ပြည်နယ်(၁) ကျန်သေးတယ်။ အဲ့ဒါကို ထပ်မံပြီးတော့ အတည်ပြုသွားဖို့ရှိတယ်။”
လီဆူတိုင်းရင်းသားများသည် ကချင်ပြည်နယ် ပူတာအို၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်ဒေသတို့တွင် အများဆုံးနေထိုင်ကြပြီး၊ မန္တလေးတိုင်း မိုးကုတ်တွင် ဒုတိယအများဆုံးနှင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်တို့တွင် နေထိုင်ကြသည် ဟု သိရသည်။
“ရှမ်းပြည်နယ်က မိုးမိတ် ပြည်နယ် အမှတ်(၁) မှာ ပြိုင်မယ်။ ပြီးရင် လီဆူတိုင်းရင်းသား လူမျိုးရေးရာ မဲဆန္ဒ နယ်မှာပြိုင်မယ်။ မန္တလေးတိုင်းကျတော့ မိုးကုတ်မှာ လေးနေရာပြိုင်မယ်။ အမျိုးသားကျတော့ မိုးကုတ်ရယ်၊ စဉ်းကူးရယ်၊ သပိတ်ကျင်းဖြစ်မယ်။ အဲ့နေရာမှာလည်း အမျိုးသမီးပါတယ်။ ဒေါက်တာခင်စောနွဲ့ပေါ့။ သမိုင်း ပါမောက္ခပေါ့၊ နောက် ကျနော်တို့ မိုးကုတ်မှာ ပြည်သူ့လွှတ်တော်က ဒေါ်ခင်မာဦး အမျိုးသမီးပေါ့” ဟု ဦးရွှေမင်း က ပြောသည်။
ပါတီအတွင်း လူငယ်ပါဝင်လာမှုမှာ ၂၀၂၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းကျော်ပြီဖြစ်သော်လည်း အမျိုးသမီး ပါဝင်လာမှု အားနည်းနေသေးသည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ က ဆက်ပြောသည်။
“လူငယ်က ၅၀ ရာခိုင်နှုန်းကျော်မယ့်အနေအထားရှိတယ်။ ၃၅ အောက်ဆိုရင် ၅၀ ရာခိုင်နှုန်းရှိနေတယ်။ အမျိုးသမီးအနေနဲ့ကတော့ ၂ ဦးပေါ့ဗျာ။ ၂၃ ဦးမှာ ၂ ဦးဆိုတော့ ၁၀ ရာခိုင်နှုန်းပဲရှိအုံးမယ်ဗျ။ အမျိုးသမီး ရာခိုင်နှုန်းအားဖြည့်ဖို့တော့ ကြိုးပမ်းနေတာရှိတယ်ဗျ။”
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုမှာ အခြားသော ပါတီများနည်းတူ COVID-19 ကာလ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွင် ကြုံရမည့် အခက်အခဲများ ဖြစ်သည်ဟု ဆိုသည့်။
ထို့အပြင် ၎င်းတို့ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြည့် ဝိုင်းမော်မြို့နယ်၊ ချီဖွေ နှင့် ဆော့ လော် ဒေသအတွင်းရှိ ကျေးရွာအချို့တွင် နယ်မြေလုံခြုံရေးအရ မဲဆန္ဒရှင်စာရင်း ကောက်ခံနိုင်ခြင်း မရှိသည့်အပေါ် မဲဆုံးရှုံးမှုများ ရှိနိုင်သည်ဟု ဦးရွှေမင်းက ပြောသည်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) သည် ၂၀၁၅ ခုနှစ် နိုဝင်လာလ (၈) ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတုန်းက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး တို့အပြင် ကယားပြည်နယ်တွင်လည်း ရွေးကောက်ပွဲဝင်ခဲ့ သည်။
သို့သော်လည်း ယခုနှစ်တွင် ပါတီလူအင်အားနှင့် ဒေသအတွင်းက လီဆူတိုင်းရင်းသားလူဦးရေကြောင့် ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လီဆူတိုင်းရင်းသားဦးရေ ငါးသိန်းကျော်ရှိသည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။







