ရသေ့တောင်မြို့နယ် စေတီပြင်အနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား

ရသေ့တောင်မြို့နယ် စေတီပြင်အနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်အုပ်စု၊ သာယာကုန်းကျေးရွာအနီးတွင် ဇူလိုင် ၂၂ ရက်နံနက်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးအနားရှိ ကျေးရွာသားများ အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

စေတီပြင်နယ်မြေ နယ်ခြားစောင့်စခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အင်အား ၁ဝဝ ခန့်သည် နံနက် ၉ နာရီခွဲခန့်က သာယာကုန်းကျေးရွာ၏ အနောက်တောင်ဘက် အထက်နန်းရာဘက်သို့ ကားလမ်းအတိုင်းသွားစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာယာကုန်း ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သည့် ဦးထွန်းနိုင်က နိရဉ္စရာသို့ ပြောသည်။

“ မိုင်းက တစ်လုံးတည်းပေါက်တာပါ။ ကျွန်တော်တို့ရွာ အနောက်ဘက်က မေယုတောင်တန်းမှာ မနေ့က ညနေ ၃ နာရီလောက်က စစ်သား အင်အား ၂ဝဝ လောက် ရောက်ပြီး စခန်းတွေ ချထားတယ်။ ယာယီနေတာလားတော့ မပြောတတ်ဘူး။ အဲဒီကို သွားတာ လမ်းမှာ မိုင်းပေါက်ကွဲတာ” ဟု သူက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာမှာ သာယာကုန်းကျေးရွာ၏ တောင်ဘက် ၁ဝ ဖာလုံခန့်အကွာ၌ ဖြစ်ကြောင်း၊ ရွာအနီးတွင် ပေါက်ကွဲမှုဖြစ်၍ စိုးရိမ်နေကြကြောင်း၊ တပ်မတော်စစ်ကြောင်းတစ်ခု မောင်တောမြို့နယ် အင်းဒင်ကျေးရွာဘက်မှ ဇူလိုင် ၂၁ ရက်က ယင်းတောင်ပေါ်သို့ ရောက်ရှိလာပြီး အောင်မင်္ဂလာစေတီ၏ ရင်ပြင်၌ လက်ရှိတွင် စခန်းချနေထိုင်လျှက်ရှိကြောင်း ဦးထွန်းနိုင်က ဆက်ပြောသည်။

“မိုင်းပေါက်ကွဲလို့ ထိခိုက်မှု ရှိ/မရှိဆိုတာ မသိပါ။ လူတွေကတော့ ကြောက်နေကြတယ်။ အရပ်သား ထိခိုက်မှုတော့ မကြားမိဘူး” ဟု နိရဉ္စရာသို့ ပြောသည်။

စေတီပြင်ကျေးရွာမှ ရပ်မိရပ်ဘတစ်ဦးကလည်း “အဲဒီမိုင်းပေါက်တဲ့ဘက်ကို ဘယ်သူမှ သွားမကြည့်ရဲကြဘူး။ နယ်ခြားစောင့် ရဲအင်အား ၁ဝဝ လောက်က စစ်သားတွေရှိတဲ့ နေရာဘက်ကို ပူးပေါင်းဖို့သွားတာ။ အဲဒီရဲတွေသွားတဲ့လမ်းမှာ မိုင်းက ပေါက်တာပေါ့။ ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့ရွာက ၁ မိုင်ကျော်လောက် ဝေးတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...