ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ တန် ငွေစက္ကူ သျှမ်းမြောက်တွင် စတင်ထုတ်ပေး

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ တန် ငွေစက္ကူ သျှမ်းမြောက်တွင် စတင်ထုတ်ပေး

ဗိုလ်ချုပ်အောင်ဆန်း ပုံပါသည့် ကျပ် ၅၀၀ တန် ငွေစက္ကူကို သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ပင်စင်စားများအား ဇူလိုင် ၂၁ ရက်တွင် စတင်ထုတ်ပေးနေကြောင်း သိရသည်။

ထို ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ငွေစက္ကူသည် ယခုနှစ် အတွင်း ၂ကြိမ်ထုတ်ဝေခဲ့ရာ ပထမအကြိမ်သည် ပြီးခဲ့သည် ဇန်နဝါရီ ၇ ရက် တွင် ငွေစက္ကူ ၁၀၀၀ တန်ထုတ်ဝေခဲ့ပြီး၊ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ဒုတိယအကြိမ် ငွေစက္ကူ ၅၀၀ တန်ကို ထုတ်ဝေခဲ့သည်။

နဝတ နအဖ စစ်အစိုးရလက်ထက်ကတည်းက ဖျောက်ဖျက်ခံထားရသည့် ဗိုလ်ချုပ်အောင်ဆန်း ပုံပါ မြန်မာ ငွေစက္ကူကို လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် ပြန်လည်ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံ ပါ ငွေစက္ကူထုတ်ခြင်းသည် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြောင်း၊ ထို့ပြင် ယခု အစိုးရ ထုတ်သည့် ငွေစက္ကူပုံတွင် ပြည်ထောင်စု ဟူသည့် စာလုံး မပါရှိသည့်အတွက်လည်း တိုင်းရင်းသားပြည်သူများက ပြည်ထောင်စု ကင်းမဲ့နေသည့် ငွေစက္ကူဟုလည်း မှတ်ချက်ပြုလာကြသည်။

“ ဒီငွေက ပြည်ထောင်စု ဆိုတဲ့စကားလုံး မပါလာဘူး။ ဒီနိုင်ငံက တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်တဲ့နိုင်ငံပါ။ အခုလိုလုပ်လာတာ ဘာသဘောလည်းဆိုတာ စဉ်းစားစရာ” ဟု လားရှိုး မြို့တွင်နေထိုင်သည့် စိုင်းအေး က ပြောသည်။

ပြည်သူလူထု တချို့တဝက်မှာလည်း့ ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် ငွေစက္ကူသည် ယခင် စစ်အာဏာရှင် လက်ထက်က ထုတ်ဝေသည့်ခြင်္သေ့ပုံပါ ငွေစက္ကူနှင့်စာလျှင်တော့ သာလွန်ကြောင်း၊ နိုင်ငံတကာတွင်လည်း ငွေစက္ကူပေါ် နိုင်ငံ့ခေါင်းဆောင် ပုံသာ ထည့်သွင်းရိုက်နှိပ်ထားကြကြောင်း ဝေဖန်ပြောဆို နေကြသည်။

“ ခြင်္သေ့ ပုံထက်စာရင်တော့ ဗိုလ်ချုပ်အောင်ဆန်းပုံ ထည့်တာ ပိုသဘောကျတယ်။ နိုင်ငံရဲ့ခေါင်းဆောင် ကို ပေါ်လွင်စေတယ်” ဟု  လားရှိုးတွင် ပင်စင်လစာထုတ်သူ တဦးက ပြောသည်။

မြန်မာနိုင်ငံတော် ဘဏ်မှ ထုတ်ဝေသည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူ၏ အရွယ်အစားမှာ အလျား ၁၃၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာ ရှိပြီး၊ နီညိုရောင် ငွေစက္ကူပေါ်တွင် “ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ” ဟု ရိုက်နှိပ်ထားသည်။

ထိုငွေစက္ကူ ၏ နောက်ကျောဘက်ပါ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အဆောက်အဦးပုံ အရှေ့တွင်လွှင့်ထားသည့် အလံမှာမူ အနီရောင်ဖြစ်နေသည့်အပေါ် ပြည်သူလူထု က လူမှုကွန်ရက်တွင် ဝေဖန်မှုပြုနေကြပါသည်။

January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...