ကျောက်ဖြူမြို့ကားအသင်းဥက္ကဋ္ဌဦးကျော်အေးသန်းကို ရဲသို့မလွှဲပြောင်းဘဲ ရက်ပေါင်း ၅ဝ ကျော်ကြာဖမ်းဆီးထား၍ မိသားစုများစိုးရိမ်

ကျောက်ဖြူမြို့ကားအသင်းဥက္ကဋ္ဌဦးကျော်အေးသန်းကို ရဲသို့မလွှဲပြောင်းဘဲ ရက်ပေါင်း ၅ဝ ကျော်ကြာဖမ်းဆီးထား၍ မိသားစုများစိုးရိမ်

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်မှ အဝေးပြေးကားအသင်း ဥက္ကဋ္ဌ ဦးကျော်အေးသန်း (၄၇) နှစ်အား မေလ ၂၇ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ ရဲစခန်းသို့ လွှဲပြောင်းခြင်းမရှိသလို မိသားစုနှင့်လည်း တစ်စုံတစ်ရာ အဆက်အသွယ်မရသဖြင့် အထူးစိုးရိမ်နေရသည်ဟု ဇနီးဖြစ်သူ ဒေါ်တင်သိန်းထွေးက ပြောသည်။

“ ကျွန်မတို့လည်း အရမ်းစိုးရိမ်ပူပန်နေပါပြီ။ ဖမ်းတာက အခုဆိုရင် ရက်ပေါင်း ၅ဝ ကျော်နေပါပြီ။ မိသားစုနဲ့လည်း အဆက်အသွယ်မရသေးသလို ဘယ်မှာရှိနေမှန်းလည်း မသိဘူး။ ရဲစခန်းကို လွှဲပြောင်းတာလည်း မရှိပါဘူး။ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းတဲ့ အခါမှာလည်း သူတို့နဲ့ မဆိုင်ဘူးလို့ ပြောပါတယ်” ဟု သူမက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ဦးကျော်အေးသန်းအား ၂ဝ၂ဝ ခုနှစ် မေလ ၂၇ ရက်နေ့တွင် တပ်မတော်၊ ရဲနှင့် ထွေအုပ်တို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ကျောက်ဖြူမြို့အထွက် ကျောက်တစ်လုံးဂိတ်တွင် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“ ဖမ်းဆီးပြီးတဲ့နောက် စစ်တပ်ရော၊ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ကျွန်မတို့နေတဲ့ အစိုးရ ရပ်ကွက်က နေအိမ်ကို ဝင်ရှာပါသေးတယ်။ ဘာမှ မရသွားပါဘူး။ အခုက ကျွန်မတို့လည်း ဆက်သွယ်ဖို့ ကြိးစားပေမယ့် ဘယ်မှာ ရှိလို့ ရှိမှန်းမသိဘူး။ တတ်နိုင်တဲ့သူတွေ ကျေးဇူးပြုပြီး ဥပဒေနဲ့ မညီဘဲဖြစ်နေတာကို ကူညီကြစေလိုပါတယ်” ဟု ဒေါ်တင်သိန်းထွေးက ပြောသည်။

ကျောက်ဖြူမြို့ အစိုးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် (ခ) ဦးညီညီသို့ ဆက်သွယ်ရာ သူ့ဆီသို့ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးဟု ပြောဆိုသည်။

“ ကိုကျော်အေးသန်း ဖမ်းဆီးခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်ဆီကို တစ်စုံတစ်ရာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆက်သွယ်လာတာ မရှိသေးဘူး။ ဒါကြောင့် သူ့အကြောင်းကို ဘာမှ မသိရဘဲ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

သူ၏ လုပ်ဖော်ကိုင်ဘက် တစ်ဦးက “ သူ့ကို မေလ ၂၇ ရက် နေ့လယ် ၁ နာရီလောက်မှာ ကျောက်ဖြူမြို့အဝင် ကျောက်တစ်လုံးဂိတ်မှာ စစ်တပ်က ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း တရားဝင် မိသားစုကို အသိပေးတာ မရှိဘူး။ အခုက မိသားစုနဲ့ပါ အဆက်အသွယ်ပြတ်နေပါတယ်။ ကျော်အေးသန်းဟာ ကျောက်ဖြူ မထသ ဥက္ကဋ္ဌ ဖြစ်သလို လက်ရှိ ကျောက်ဖြူမြို့ Covid 19 ကာကွယ်ရေးမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်တယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဖိုးစံက ဦးကျော်အေးသန်းမှာ ရခိုင်အမျိုးသားပါတီ၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၏ အတွင်းရေးမှူးတစ်ဦးဖြစ်ပြီး ယခုလုပ်ရပ်မှာ ဥပဒေနှင့် လုံးဝ မညီဟု ပြောဆိုသည်။

“ ဥပဒေကြောင်းအရ ၂၄ နာရီထက် ပိုဖမ်းဆီးခွင့်မရှိဘူး။ ၂၄ နာရီအတွင်း ဖမ်းပြီး ရဲစခန်းကို လွှဲပြောင်းပြီး အမှုဖွင့်ရပါမယ်။ အခုက ရက်ပေါင်း ၅ဝ ကျော်ပြီ။ ရဲစခန်းကို လွှဲပြောင်းပေးအပ်ခြင်း မရှိသလို အမှုဖွင့်တာလည်း မရှိတဲ့ အတွက် ဥပဒေနဲ့ လုံးဝ မညီပါ။ ဥပဒေကို ကာကွယ် စောင့်ရှောက် ရမယ့်သူတွေက ဥပဒေကို ကိုယ်တိုင်ချိုးဖောက်နေတယ်။ ဒါလောက်ဘဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...