မအီမြို့တွင် AA အမာခံနှစ်ဦး ဖမ်းဆီးရမိဟု တပ်မတော်သတင်းထုတ်ပြန်

မအီမြို့တွင် AA အမာခံနှစ်ဦး ဖမ်းဆီးရမိဟု တပ်မတော်သတင်းထုတ်ပြန်

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် AA အမာခံနှစ်ဦးအား ဖမ်းဆီးရမိကြောင်း တပ်မတော်မှ ဇူလိုင် ၁၉ ရက်နေ့ကသတင်းထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးခံရသူနှစ်ဦးမှာ မအီမြို့၊ အမှတ် (၁) ရပ်ကွက်မှ ဦးမောင်ညွှန့်၏ သားနှစ်ဦးဖြစ်ကြသည့် အမွှာညီအစ်ကို မောင်သန်းဇော်ဇော်နှင့် မောင်သန်းဇော်ဌေးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့နှစ်ဦး၏ အစ်မဖြစ်သူ မခင်ဆွေမိုးက “အဲဒီနေ့က စစ်သားတွေက အိမ်က ပစ္စည်းတွေ ရှာတယ်။ အဲဒီမှာ အချောင်းသေးသေးလေး နှစ်ခုနဲ့ ဘတ်ထရီဓါတ်ခဲနှစ်ခုကို အိမ်ပေါ်က ယူလာပြီး ဒါကို သိလားလို့ မေးတော့ အဲဒါက ကလေးတွေ ဆော့တာလို့ ပြောတယ်ပေါ့။ အဲဒီမှာ သူတို့နှစ်ယောက်အပြင် ကျွန်မတို့ရဲ့ အစ်ကိုအကြီးကို လက်မှတ်ထိုးခိုင်းတယ်။ ပြီးရင် အဲဒီအမွှာ ညီအစ်ကိုနှစ်ယောက်ကို ခေါ်သွားတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

အမွှာညီအစ်ကို မောင်သန်းဇော်ဇော်နှင့် မောင်သန်းဇော်ဌေးတို့မှာ အသက် (၁၇) နှစ်သာရှိသေးပြီး ဇူလိုင်လ ၁၂ ရက်နေ့ ညဉ့် ၁၂ နာရီခန့်တွင် ရဲ ၄ ဦးခန့်အပါအဝင် တပ်မတော်သား ၃ဝ ဦးခန့်က မခင်ဆွေမိုး၏ နေအိမ်သို့ ရောက်လာကာ အိမ်ရှိပစ္စည်းများအား ရှာဖွေခြင်းများပြုလုပ်ပြီးနောက် အဆိုပါ အမွှာညီအစ်ကို နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သူမက ပြောသည်။

နောက်တစ်နေ့ နံနက်ပိုင်းတွင် အစ်ကိုအကြီးဖြစ်သူအား ထပ်မံခေါ်ဆောင်သွားကြပြီး နောက်တစ်နေ့၌ ပြန်လွှတ်ပေးလိုက်ကြောင်း မခင်ဆွေမိုးက ပြောသည်။

“ကျွန်မက ရန်ကုန်ကရောက်တာမကြာသေးဘူး။ သန်းဇော်ဇော်ကို ကျွန်မရန်ကုန်မှာတုန်းက ခေါ်ပြီး ဆံပင်ညှပ်သင်တန်းတက်ခိုင်းတယ်။ ၁ လပိုင်းက အိမ်ကို ပြန်ပို့တယ်။ အခုလည်း သူရပ်ကွက်မှာ ဆံပင်ညှပ်ဆိုင်မှာ လုပ်နေတာ။ သန်းဇော်ဌေးကလည်း ပန်းရံလုပ်နေတာ။ ဒါတွေ အကုန်အသိပါပဲ။ သူတို့က ကလေးစိတ်တောင် မကုန်သေးဘူး။ အိမ်မှာဆို သူ့အဝတ်ကိုယ့်အဝတ် လိုက်လုနေကြတာ။ အခု ဖမ်းသွားနေ့ကတည်းက တွေ့ခွင့်မရသေးဘူး” ဟု သူမက ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါ နှစ်ဦးအား မအီရဲစခန်း၏ အနောက်ဘက်ရှိ တပ်မတော်သားများနေထိုင်သည့် အဆောင်များ အထဲ၌ ထားကြောင်း မအီမြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်အောင်က ပြောသည်။

ဦးထွန်းတင်အောင်က “အဲဒီအမွှာလေးနှစ်ယောက်ရဲ့ အစ်ကိုကြီးဖြစ်သူကိုလည်း ဖမ်းသွားတာ။ ကျွန်တော်တို့နဲ့ မိသားစုဝင်တွေ နောက်တစ်နေ့ အဲဒီကို သွားတော့ အစ်ကိုကြီးဖြစ်သူကို ပြန်လွှတ်ပေးလိုက်တယ်။ အမွှာလေးနှစ်ယောက်ကိုတော့ စစ်ဆေးစရာတွေ ရှိသေးတယ်ဆိုပြီး ခေါ်ထားလိုက်သေးတယ်။ တပ်မတော်ဆက်သွယ်ရေးဌာနလို့ ခေါ်မလား အဲဒီအဆောက်အဦးတွေရှိတဲ့အထဲမှာ သူတို့နှစ်ယောက်ကို ထိန်းသိမ်းထားတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ဇူလိုင် ၁၉ ရက်နေ့က တပ်မတော်ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ မအီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသောတပ်ဖွဲ့ဝင်များသည် AA အမာခံများ မအီမြို့အတွင်း ပြန်လည် ရောက်ရှိ နေကြောင်းသတင်းအရ မအီမြို့မှတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၆ ရက် နံနက် ၁ နာရီခန့်တွင် အမှတ်(၁) ရပ်ကွက်အား ဝိုင်းပတ်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အဆိုပါရပ်ကွက်နေ အမွှာညီအစ်ကို ဖြစ်သည့် သန်းဇော်ဇော်နှင့် သန်းဇော်ဌေး(ဘ)ဦးမောင်ညွန့် တို့ ၂ ဦးအား နေအိမ် အိပ်ခန်းအတွင်းရှိ ဗီရိုအတွင်းမှ မိုင်းထောင်ဖောက်ခွဲရန်အသုံးပြုသည့် ဒီတိုနေတာ ၂ ချောင်း၊ Vivo တံဆိပ်ပါ ဓာတ်ခဲခြောက် ၂ လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်ဟုဖော်ပြထားသည်။

အဆိုပါဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာသို့လွှဲပြောင်းပေးအပ်လိုက်သည်ဟု သိရသည်။

ဓါတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...