ဖားကန့်တွင် မြေစာပုံပြို၍ သေဆုံးသူများအတွက် အမျှအတန်းပေးဝေပြီး သေဆုံး/ဒဏ်ရာရသည့် ရခိုင်များအတွက် အလှူငွေများထောက်ပံ့

ဖားကန့်တွင် မြေစာပုံပြို၍ သေဆုံးသူများအတွက် အမျှအတန်းပေးဝေပြီး သေဆုံး/ဒဏ်ရာရသည့် ရခိုင်များအတွက် အလှူငွေများထောက်ပံ့

မာန်ယုကျော် — ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွားသူများအတွက် အမျှအတန်းပေးဝေပြီး သေဆုံး/ဒဏ်ရာရသွားသည့် ရခိုင်မျိုးနွယ်စုများအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်ဟု သိရသည်။

အမျှအတန်းပေးဝေခြင်းနှင့် အလှူငွေထောက်ပံ့ခြင်းအခမ်းအနားကို ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ဖားကန့်ရခိုင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင် ဇူလိုင် ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်ပြုလုပ်ခဲ့သည်။

မြေစာပုံပြို၍ သေဆုံး/ဒဏ်ရာရသူများ၏ မိသားစုဝင်များနှင့် အသင်းတာဝန်ရှိသူများက ဆရာတော် ၅ ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး သေဆုံးသွားသူများအတွက် ရေစက်သွန်ချအမျှအတန်းပေးဝေကာ ဆရာတော်များက ကမ္မဝါရွတ်ဖတ်ခဲ့ကြသည်ဟု သိရသည်။

"ကိုယ့်လူမျိုးတွေ ဒီလိုဖြစ်လာတယ်ဆိုတော့ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ပေါ့လေ။ အကောင်းဆုံးကြိုးစားပြီးတော့ တတ်နိုင်သလောက် ဒီလို ခုနက ပြောသလို ညီအစ်ကိုမောင်နှမစိတ်ဓာတ်နဲ့ ထောက်ပံ့ကြေးတွေ ပေးကြတယ်။ ရေစက်ချ အမျှအတန်းတွေဝေကြတယ်ဆိုတဲ့သဘောပေါ့လေ။"ဟု ဖားကန့်ရခိုင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးမှ တာဝန်ရှိသူတစ်ဦးကနိရဉ္စရာကို ပြောသည်။

မြေစာပုံပြို၍ သေဆုံးသွားသည့် ရခိုင်မျိုးနွယ်စုဝင် ၃၅ ဦးနှင့် ဒဏ်ရာရသွားသည့် ရခိုင်မျိုးနွယ်စုဝင် ၁၇ ဦးအတွက်လည်း အလှူငွေများကို အခမ်းအနားတွင် မိသားစုဝင်များထံ ထောက်ပံ့ပေးခဲ့ကြသည်ဟု ဆိုသည်။

ယင်းသို့ ထောက်ပံ့ရာတွင် သေဆုံးသူတစ်ဦးလျှင် ဖားကန့်ရခိုင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုအသင်းက ကျပ် တစ်သိန်းခွဲ၊ အရေးမကြီးသည့်ဒဏ်ရာရလူနာတစ်ဦးလျှင် ကျပ် တစ်သိန်းခွဲနှင့် ခွဲစိပ်ရမည့် အရေးကြီး လူနာတစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့သည်။

အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်ကလည်းသေဆုံးသွားသည့် ရခိုင်တစ်ဦးလျှင် ကျပ် ငါးသောင်းနှုန်း ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်နှင့် ဧရာရတနာစုပေါင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းများတွင် ပြီးခဲ့သော ဇူလိုင်လ (၂) ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၇၂ ဦးနွံနစ်သေဆုံးခဲ့ပြီး ၅၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအထဲတွင် ရခိုင်မျိုးနွယ်စုဝင် ၃၅ ဦးသေဆုံးပြီး ၁၇ ဦးအထိ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ယခုဖြစ်စဉ်အား သမ္မတက ဇူလိုင်လ ၃ ရက်နေ့တွင်ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဇူလိုင်လ ၄ ရက်မှ ၆ ရက်နေ့အထိ သွားရောက်စုံစမ်းစစ်ဆေးခဲ့သော်လည်း စုံစမ်းစစ်ဆေးတွေ့ရှိချက်အား ယခုထိ ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...