အစိုးရ၏ လုပ်ငန်းစီမံကိန်း ၄၄ခု ရပ်ဆိုင်းထားရန် လွှတ်တော်ကော်မတီ အစီရင်ခံ

အစိုးရ၏ လုပ်ငန်းစီမံကိန်း ၄၄ခု ရပ်ဆိုင်းထားရန် လွှတ်တော်ကော်မတီ အစီရင်ခံ
by -
မဇ္ဈိမ
အစိုးရ၏ လုပ်ငန်းစီမံကိန်း ၄၄ခုသည် စီးပွားရေးအရ တွက်ချေမကိုက်သလို နိုင်ငံတော်အတွက်လည်း အကျိုးမရှိသောကြောင့် လတ်တလောတွင် ရပ်ဆိုင်းထားပြီး စနစ်တကျ ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံလိုက်သည်။

စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ စက်ရုံနှင့် လုပ်ငန်းစုစုပေါင်း ၄၄ခုအား လတ်တလော ရပ်ဆိုင်းထားရန် မတ်လ ၆ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံလိုက်ခြင်း ဖြစ်သည်။

လတ်တလောရပ်ဆိုင်းထားရန် အစီရင်ခံလိုက်သည့် လုပ်ငန်းများမှာ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ စက်ရုံ (၆)ရုံ၊ အမှတ်(၂) အကြီးစားလုပ်ငန်းအောက်ရှိ စက်ရုံ (၁၂)ရုံ၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ စက်ရုံ (၁၆)ရုံနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံလုပ်ငန်းလက်အောက်ရှိ စက်ရုံနှင့်လုပ်ငန်း (၁၀)ခု၊ စုစုပေါင်း ၄၄ခု ဖြစ်သည်။

“ဒီလုပ်ငန်းစီမံကိန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင် နိုင်ငံတော်နှင့်နိုင်ငံသားတို့ အကျိုးစီးပွားအတွက် ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်မှု မရှိပါဘူး။ စီးပွားရေးအရ တွက်ခြေကိုက်မှုလည်း မရှိပါဘူး” ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ စီမံကိန်းလုပ်ငန်းများကို ပြန်လည်စိစစ်လေ့လာတွေ့ရှိချက်အစီရင်ခံစာအား လွှတ်တော်သို့ တင်သွင်းစဉ် ပြောဆိုသည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အဆိုပါ အစီရင်ခံစာအပေါ် ပြင်ဆင်ချက်တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်သည့်ဌာနနှင့် အကြောင်းအရာကို တိတိကျကျဖော်ပြပြီး မတ်လ ၈ရက်တွင် အမည်စာရင်းတင်သွင်းကြရန် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေငြာထားသည်။

အစီရင်ခံစာပါ လုပ်ငန်းစီမံကိန်း (၄၄)ခုအား လတ်တလောရပ်ဆိုင်းထားရန် ကိစ္စအပေါ် ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ဒုတိယဥက္ကဌဖြစ်သူ ဇလွန်မြို့နယ်အမတ် ဦးအောင်မင်းက “ကျွန်တော်တိုပ အလကားရပ်ဆိုင်းခိုင်းတာ မဟုတ်ပါဘူး။ ဒီစီမံကိန်းတွေကို သက်ဆိုင်ရာပြည်ထောင်စုအဆင့်အစိုးရအဖွဲ့က စနစ်တကျပြန်လည်ပြီးတော့ သုံးသပ်မယ်၊ ပြီးရင် ဘယ်လို ဆက်လုပ်ကြမလဲ၊ ဆက်လုပ်ကြမယ့် နည်းလမ်းတွေရှာကြံပြီးတော့ ဆက်လုပ်ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...