မွန်ပြည်သစ်ပါတီဂိတ်စခန်းတစ်ခု မတ်လ ၂ ရက်တွင် ထပ်မံဖယ်ရှားခံရ

မွန်ပြည်သစ်ပါတီဂိတ်စခန်းတစ်ခု မတ်လ ၂ ရက်တွင် ထပ်မံဖယ်ရှားခံရ
by -
မွန်သတင်းအေဂျင်စီ
ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ မွန်ပြည်သစ်ပါတီ ဂိတ်စခန်းနှစ်ခုအား တပ်မတော်က ဝင်ရောက်နေရာယူပြီးနောက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီးဖိုးနိုင်ကျေးရွာအခြေစိုက် မွန်ပြည်သစ်ပါတီအကောက်ခွန်ဂိတ်စခန်းတစ်ခုအား တပ်မတော်က မတ်လ ၂ ရက်တွင် ထပ်မံဖယ်ရှားလိုက်ကြောင်း သိရသည်။

မုဒုံမြို့မှ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်၊ တံခွန်တိုင်၊ ဖါးပြ၊ အနန်းကွင်း၊ ဘုရားသုံးဆူဒေသသို့ ဆက်သွယ် ထားသော မော်တော်ကား လမ်းပေါ်ရှိ အဆိုပါထီးဖိုးနိုင်ကျေးရွာတွင် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှ ဂိတ်စခန်းဖွင့်လှစ်ခဲ့သည်မှာ ၁၀ နှစ်ကျော်ကာလရှိခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်အလုပ်မှုဆောင် နိုင်မွန်ချမ်းဒုံးက “ထီးဖိုးနိုင်ကျေးရွာမှာရှိတဲ့ ကျွန်တော်တို့ ဂိတ်ကို ရုပ်သိမ်းပေးဖို့ တပ်ရင်း ၂၈၃ ကနေလာပြီးတော့ ကျွန်တော်တို့ကို အေးအေးဆေးဆေးပဲ ပြောခဲ့တာဖြစ် တယ်၊ ဒါကြောင့် ပြီးခဲ့တဲ့ မတ်လ ၂ ရက် နေ့ကတည်းက ကျွန်တော်တို့အဲဒီဂိတ်ကနေ ဖယ်ပေးလိုက်ပါပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) နှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ ဆုံဆွေးနွေးချက်အရ တပ်မတော်မှ ဝင်ရောက်နေရာယူ ဖယ်ရှားခိုင်းခဲ့သည့် သံဖြူဇရပ်-ဘုရားသုံးဆူ မော်တော်ကားလမ်းပေါ်ရှိ ဇီးနှစ်ပင်အကောက်ခွန်ဂိတ်စခန်းအား ပြန်လည်အပ်နှံပေးမည်ဟု ဆိုသော်လည်း တပ်မတော်ဘက်က ဆုတ်ခွာခြင်းမရှိသေးပေ။

မွန်ပြည်သစ်ပါတီ သံဖြူဇရပ်ဆက်ဆံရေးရုံးတာဝန်ခံ နိုင်စိုက်ချမ်းက “ဂိတ်စခန်းကို ပြန်လည်အပ်နှံဖို့ကိစ္စက ဘာမှ မထူးခြားသေးဘူး၊ အဲဒီနေရာမှာ ယနေ့အချိန်အထိ သူတို့တပ်စွဲထားတုန်းပဲ” ဟု ပြောသည်။

အလားတူ ဘုရားသုံးဆူမြို့အနီး ဘုရားတောင်ဂိတ်ရှိ မွန်ပြည်သစ်ပါတီ ဂိတ်စခန်းမှလည်း တပ်မတော်က ဝင်ရောက်နေရာယူထားဆဲဖြစ် သည်ဟု သိရသည်။

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး၊ ဂျပန်ရေတွင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့ သည့် အကြိမ် ရ၀ မြောက် မွန်အမျိုးသားနေ့အခမ်းအနားအား လက်နက် ဖြင့် စစ်ရေးချီတက်ခြင်းမပြုရန် မွန် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကန့်ကွက်စာပေးပိုု့ခဲ့ပြီး မွန်ပြည်သစ်ပါတီ၏ ပုံမှန် ကျင်းပမြဲ စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပခဲ့ပြီးနောက် အစိုးရတပ်မတော်နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့ အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ရာမှ မွန်ပြည်သစ်ပါတီ ဂိတ်စခန်းများအား တစ်ခုပြီးတစ်ခု ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...