မိုးနဲ RCSS/SSA ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ် တပ်မှ ဖျက်ဆီး

မိုးနဲ RCSS/SSA ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ် တပ်မှ ဖျက်ဆီး

Nang Seng Nom — သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း RCSS/SSA ၏ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို အစိုးရတပ်မတော် က လာရောက် ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၁ ရက်တွင် မိုးနဲမြို့နယ် နားခန်ကျေးရွာ အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှူး အမိန့်ဖြင့် လာရောက်ဖျက်ဆီးခဲ့သည် ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ခြေမြန်တပ်ရင်း ခမရ ၅၇၅ တပ် အင်အား ၃၀ ကျော်လောက် လာဖျက်တာပါ။ ရလခတိုင်းမှူး အမိန့်နဲ့ လာဖျက်တာပါ။ အရင်ကတည်းက ကျနော်တို့ စစ်ဆေးနေတဲ့ဂိတ်ပါ။ ဘာမှ မဖြစ်ပါဘူး။ ကျနော်တို့ ကျေးရွာတွေမှာလည်း ကျန်းမာရေး စစ်ဆေးဂိတ်တွေ အများကြီးရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။

RCSS/SSA ၏ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အတွက် တည်ဆောက်ထားသည့် ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင်အမိန့်အရ လာရောက်ဖျက်ဆီးခဲ့ကြောင်း RCSS/SSA ၏ သတင်းဝက်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။

ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးသည့် ဂိတ်ကို လာရောက်ဖျက်ဆီးသည့် နားလောကျေးရွာ အုပ်စု မိုင်းပန်မြို့နယ် အခြေစိုက် သည့် ခမရ ၅၇၅ သည် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ-ခိုလမ်) လက်အောက်ခံ အမှတ် ၁၇ စစ်ဆင်ရေး ကွပ်ကဲရေး ဌာနချုပ် စကခ ၁၇ ၏ တပ်ရင်း ဖြစ်ကြောင်း သိရသည်။

ဇွန် ၁၈ ရက် မနက် ၉ နာရီ တွင်လည်း သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း RCSS/SSA ၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ် တွင် တာဝန်ထမ်းဆောင်သည့် RCSS/SSA ကျန်းမာရေး ဝန်ထမ်းများကိုအာဏာပိုင်များက ဆောင်ရွက်ခြင်းမပြုရန် တားဆီး ပိတ်ပင်ခဲ့ကာ ယနေ့အချိန်ထိ ကျန်းမာရေး ဝန်ဆောင်မှု မပေးနိုင်ခဲ့ကြောင်း လည်း RCSS/SSA အသိုင်းအဝန်းက ပြောသည်။

RCSS/SSA၏ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများသည် အစိုးရအာဏာပိုင်များ၏ တားဆီးပိတ်ပင်မှုကို မကြာခဏ ခံရသော်လည်း တဖက်တွင်လည်း RCSS/SSA ၏ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် အစိုးရ၊ တပ်ပိုင်းဆိုင်ရာက ထောက်ပံ့မှုများ ပေးဝေနေသည်မှာ စဉ်းစားစရာဖြစ်နေသည်ဟုလည်း ဒေသခံ ပြည်သူများက ပြောဆိုလာကြသည်။

“ တဖက်က ကိုဗစ် အတွက် ထောက်ပံ့မှုတွေ ပေးတယ်။ တဖက်မှာတော့ တားဆီးနေတယ်။ အခုဆိုရင် ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကိုတောင် ဖျက်ဆီးလာတော့ မြေပြင်နဲ့ အပေါ်ပိုင်းနဲ့ က ဝေးကွာနေတယ်” ဟု သျှမ်းပြည် မိုးနဲဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇွန် ၁၆ ရက်တွင်လည်း ကိုဗစ်-၁၉ ကာလ အတွင်း ထိန်းချုပ်ရေး ၊ ကုသရေး နှင့် ပတ်သက်ပြီး RCSS/SSAနှင့် အစိုးရ အဖွဲ့တို့သည် Video Conferencing အစည်းအဝေးပြုလုပ်ကာ အစိုးရ မှ RCSS/SSA၏ ကိုဗစ်-၁၉ လုပ်ဆောင်ချက် အပေါ် ထောက်ပံ့ပစ္စည်းများ ထပ်မံပေးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း သိရသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...