နန်းဆိုင်ဖူး — သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် တပ်မှဒေသခံ တောင်သူများထံ အတင်းအဓမ္မသိမ်းဆည်းထားသည့် မြေပေါ်တွင် ပျိုးပင်များစိုက်ပျိုးထားကြောင်း စုံစမ်းသိရသည်။
ဇွန် ၉ ရက်တွင် တောင်သူ ၆၄ ဦး ပိုင်ဆိုင်ထားသည့် မြေဧက (၁၃၅၃.၃၃) ဧက ကို နမ့်စန်မြို့နယ် ရလခ တိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ အမှတ် ၆၆ ခြေလျင်တပ်ရင်းမှသိမ်းဆည်းခဲ့ပြီး၊ တောင်သူ ၄၇ဦးကို နမ့်စန်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခဲ့သည်။
တပ်မှ အတင်းအဓမ္မသိမ်းဆည်းထားသည့်မြေပေါ်တွင် ပျိုးပင်များလာရောက်စိုက်ပျိုးကြောင်း မြေသိမ်းခံရပြီး တရားစွဲဆိုခံထားရသည့် တောင်သူ ဦးလှထွန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တောင်သူ တစ်ချို့က သွားဖျက်ဆီးချင်နေတာ။ မကောင်းဘူးထင်တယ်လို့။ ကျနော်တို့ကို နောက်တစ်မှုရအောင် လုပ်စေချင်တဲ့ ပုံစံမျိုးရှိတယ်” ဟု ဦးလှထွန်း ကဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများကို တင်ပြထားကြောင်းလည်း သိရသည်။
တပ်မှ သိမ်းဆည်းထားသည့် မြေပေါ်တွင် တောင်သူများ နှစ်ပေါင်း ၄၀ကျော် စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး ၂၀၁၉ ခု ၈ လပိုင်းတွင် တပ်ပိုင်မြေဖြစ်ကြောင်း ကနဦး ပိုင်ရှင်မှ လက်မှတ်ရေးထိုးပေးရန် အထွေထွေ အုပ်ချုပ်ရေးရုံးမှတဆင့် အစည်းအဝေး ခေါ်ယူခဲ့သည်။
“ အခု ကျနော်တို့တရားရင်ဆိုင်နေရတာ။ တရားရုံးကို ဇွန် ၂၄ရက်ကျရင် ထပ်သွားရမယ်။မြို့နယ် အဆင့်ဆင့်ကို စာတင်ပြသွားမယ် မရရင် နေပြည်တော်ထိ စာတင်မယ်” ဟု ဦးလှထွန်း က ပြောသည်။
တပ်မှ သိမ်းဆည်းထားသည့်မြေပေါ်တွင် ယူကလစ်ပင်များနှင့် ဒေသခံ တောင်သူများမသိသည့် အပင်များ လာရောက်စိုက်ပျိုးထားကြောင်း သိရသည်။
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင်လည်း မေလနှောင်းပိုင်းတွင် အစိုးရ တပ် နှင့် ဆီဆိုင်မြို့နယ်ကျေးရွာ ၅ ရွာမှ တောင်သူများမြေယာ အငြင်းပွားမှု ဖြစ်ပွားကာ အစိုးရတက်မှဒေသခံ တောင်သူ ၇၀ ကျော်ကို တရားစွဲဆိုထားသည်။
အစိုးရတပ် မြေယာ သိမ်းမှုသည် ယခုရက်ပိုင်း သျှမ်းတောင်ပိုင်းသာမက သျှမ်းပြည်မြောက်ပိုင်းတွင်လည်း သိမ်းဆည်းမှုများ ရှိနေသဖြင့်သျှမ်းပြည်သူများလည်း စိုးရိမ်ပူပန်မှု ဖြစ်ပွားနေသည်။







