ပုဏ္ဏားကျွန်းမြို့အနီးတိုက်ပွဲဖြစ်၍ မြို့မဈေးကြီးနှင့်ဈေးဆိုင်များပိတ်

ပုဏ္ဏားကျွန်းမြို့အနီးတိုက်ပွဲဖြစ်၍ မြို့မဈေးကြီးနှင့်ဈေးဆိုင်များပိတ်

ခိုင်လူလှ — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အနီးတွင် ဇွန်လ ၁၉ ရက် နံနက်က တိုက်ပွဲ ဖြစ်ပွား၍ ပုဏ္ဏားကျွန်းမြို့ ဈေးကြီး အပါအဝင် မြို့ထဲရှိ ဈေးဆိုင်များ၊ မုန့်ပဲ သရေစာဆိုင်များ အားလုံး ပိတ်ထားကြရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်ဆိပ်အကြားတွင် နံနက် ၅ နာရီကျော် ၆ နာရီ အချိန်မှ စတင်၍ တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်သို့ ဆက်သွယ်ရာ ဇနီးဖြစ်သူက “ဆရာမရှိဘူး။ အပြင်ထွက်သွားတယ်။ တိုက်ပွဲဖြစ်တာတော့ မှန်ပါတယ်။ မနက် ၆ နာရီ မထိုးခင် သေနတ်သံတွေကို စကြားရပါတယ်။ အခု မကြားရတော့ဘူး ” ဟု နံနက် ၁ဝ နာရီက ဆက်သွယ်စဉ် ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့ပေါ်က လူကြီးတစ်ဦးကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းကို အတည်ပြုပြီး ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်ဆိပ် အကြားမှ မိနစ် ၃ဝ ခန့် အပြန်အလှန်ပစ်ခတ်သံများကို ကြားရပြီး နောက်ပိုင်းတွင် ကြိုကြားကြိုကြား ပစ်ခတ်မှုများကို ကြားရသည်ဟု ပြောဆိုသည်။

“ပုဏ္ဏားကျွန်းမြို့ပေါ်က လက်နက်ကြီးထုသံ တစ်ချက်နှစ်ချက်တော့ ခုနက ကြားလိုက်တယ်။ မြို့ပေါ်မှာတော့ အကုန်လုံးပိတ်သွားပြီ။ ဈေးကြီးလည်း အပြင်တံခါးက အစ အားလုံးပိတ်လိုက်ပြီ။ ကုန်စိမ်းဆိုင်တွေ၊ မုန့်တီဆိုင်တွေ အကုန်လုံး ပိတ်ကုန်ပြီ။ လူတွေက အကုန်လုံးကို ကိုယ့်အိမ်ထဲမှာဘဲ ကိုယ်နေကြတယ်။ လမ်းပေါ်မှာ လူမရှိဘူး” ဟု နံနက် ၁ဝ နာရီ မိနစ် ၂ဝ က နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်သို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်နှင့် နံနက် ၁ဝ နာရီ မိနစ် ၄ဝ ဆက်သွယ်ရသဖြင့် မေးမြန်းရာ တိုက်ပွဲမှာ ပုဏ္ဏားကျွန်းမြို့ ဝန်ထမ်းအိမ်ရာနှင့် ကျောက်ဆိပ်အကြားတွင် ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း ပြောဆိုသည်။

“ ကြားတာက မိုင်းနှစ်လုံးပေါက်တယ်လို့ ကြားတယ်။ အဲဒီနောက် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကို ကြားရတယ်။ ရန်ကုန်- စစ်တွေ ကားလမ်းပေါ်မှာ ကားတွေလည်း ပိတ်မိနေတယ်။ ခရီးသည် တစ်ချို့လည်းဒဏ်ရာရတယ်လို့ ကြားတယ်။ မင်းထက်သာဘတ်စ်ကား လမ်းဘေးကို ထိုးကျသွားတယ်လို့ ကြားတယ်။ အတည်ပြုချက်တော့ မရသေးဘူး” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။

August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...