Covid-19 ဖြစ်ပွားနေသည့် ကာလအတွင်း စစ်ရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အခက်အခဲကြုံနေရပြီး စိုးရိမ်မှုများ ရှိနေကြောင်း ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့က ပြောသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ယခုကဲ့သို့ ကပ်ရောဂါ ကာလအတွင်း ၎င်းတို့ ရင်သွေးအပေါ်ထိခိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြသောကြောင့် အရေးကြီးကိစ္စဖြင့် အပြင်ထွက်သွားလာရန်ပင်ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။
ထို့အပြင် စစ်ရှောင်စခန်းသို့ကျန်းမာရေးဝန်ထမ်းများ လာရောက်ကြည့်ရှုပေးမှုများလည်း မရှိခြင်းကြောင့် အခက်အခဲဖြစ်နေရကြောင်းဂျန်မိုင်ကောင် ကေဘီစီ စစ်ရှောင်စခန်းက ကိုယ်ဝန်ခြောက်လ ရှိပြီဖြစ်သည့် ဒေါ်ထုဆမ်က ဆိုသည်။
“စိုးရိမ်နေတာက ဆေးရုံမှာတွေ ကာကွယ်ဆေး သွားထိုးဖို့ကျတော့ အခုရောဂါအကြောင်း အရမ်းပြောနေကြတော့ ဆေးရုံသွားလည်း ကြောက်၊ ဆေးခန်းသွားလည်း ကြောက်ဖြစ်နေတယ်။ ဒီက တာဝန်ခံဆရာမတွေကလည်း မလာဆိုတော့ ဘယ်လိုဖြစ်လာမလဲ ဆိုပြီး စိတ်ထဲမှာ ကလေးရဲ့ ကျန်းမာရေးကို စိုးရိမ်နေရတယ်”ဟု ဒေါ်ထုဆမ်က ဆိုသည်။
သွားလာရေး လမ်းကြောင်း ပိတ်ဆို့ပြီး အလုပ်အကိုင် မရှိခြင်းကြောင့်လည်း ငွေရေးကြေးရေးပိုင်း အခက်အခဲရှိနေပြီး မီးဖွားချိန်ရောက်လျှင် ဒုက္ခရောက်မည်ကို တွေးပူနေရကြောင်း မိုင်းနား အာစီစစ်ရှောင်စခန်းမှ ကိုယ်ဝန်ဆောင် ဒေါ်ဇယ်နောက ပြောသည်။
“နဂိုကတည်းက ဘယ်မှလည်း ထွက်လို့မရ ပိုက်ဆံလည်း ရှာလို့မရဆိုတော့ ကလေးမွေးမယ့်အချိန်ခက်လာမှာ အရမ်းစိုးရိမ်တယ်။ အဲ့ဒါသာမက ဆေးရုံမှာတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုလည်း စိုးရိမ်နေတယ်”ဟု ဒေါ်ဇယ်နောက ပြောသည်။
ကိုယ်ဝန်ဆောင်များအနေဖြင့် ကိုယ်ခံအားကောင်းအောင် နေထိုင်ရန် လိုအပ်ရုံသာမက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များကို အတိအကျ လိုက်နာဆောင်ရွက်ရန်သာ လိုပြီး အထူးတလည် အစိုးရိမ်မလွန်ကြရန် လိုအပ်ကြောင်း မြစ်ကြီးနားမြို့မှ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာစန်းမြင့်က ပြောသည်။
“သာမန်လူတွေတောင် ဖြစ်နေတာဆိုတော့၊ ကိုယ်ဝန်ဆောင်တွေက ပိုပြီးသတိထားသင့်တယ်။ အထူးသဖြင့် အိပ်ရေးဝအောင် အိပ်ပါ။ အစားကောင်းကောင်းစားပါ။ ကိုယ်ဝန်ဆောင် အားဆေးတွေလည်း မှန်မှန်စားပါ။ အလွန်အကျွံစိုးရိမ်တာလည်း မဖြစ်ပါနဲ့ အရမ်းကြီးစိုးရိမ်နေတယ်ဆို သိပ်မကောင်းဘူး။ ကလေးကို သွားအနှောင့်အယှက်ဖြစ်နိုင်တယ်”ဟု ဒေါက်တာစန်းမြင့်က သတိပေးပြောကြားသည်။
ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သောကြောင့် လက်ရှိ စစ်ရှောင်စခန်းမှ ပြည်သူများအနေဖြင့် ပြင်ပထွက်ကာ အလုပ်လုပ်ကိုင်မှုကို တားမြစ်ထားပြီး စားဝတ်နေရေးအတွက် စိုးရိမ်နေရသည့် အခြေအနေဖြစ်နေကြောင်း စစ်ရှောင်ပြည်သူများက ပြောသည်။







