ကိုဗစ် လုပ်ငန်းစဉ်ဆောင်ရွက်နေသည့် RCSS/SSA ကို အာဏာပိုင်များ တားမြစ်

ကိုဗစ် လုပ်ငန်းစဉ်ဆောင်ရွက်နေသည့် RCSS/SSA ကို အာဏာပိုင်များ တားမြစ်

သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် အတွင်း RCSS/SSA၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင်များက တားမြစ်ပိတ်ပင်ကြောင်းစုံစမ်းသိရသည်။

ဇွန် ၁၈ရက် မနက် ၉ နာရီတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်တော်(RCSS/SSA)၏ ကျန်းမာရေး ဝန်ထမ်းများက မိုးနဲ့ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ် ဆောင်ရွက် လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင် ၂ဦး တို့က လာရောက် တားမြစ်ခဲ့ကြောင်း RCSS/SSA ထံမှ စုံစမ်းသိရသည်။

“ ဒီနေ့မနက် ကျနော်တို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် အဖွဲ့ကို ဟန့်တားတာဟုတ်ပါတယ်။ ကျနော်အထင်တော့ ကျနော်တို့ RCSS/SSA ကို နာမည် မရစေချင်တဲ့သဘောလားမသိဘူး” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

RCSS/SSA ဆေးဝန်ထမ်း အဖွဲ့သည် ကျိုင်းတောင်းမြို့သို့သွားရာလမ်း တနေရာတွင် ကိုဗစ်-၁၉ သံသယ လူနာ ရှိ၊ မရှိစစ်ဆေးခြင်း၊ နှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်း ဆောင်ရွက်နေစဉ် လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်ရဲတပ်ဖွဲ့ ၂ဦး တို့က ကားဖြင့်လာပြီး၊ ခွင့်ပြုချက် မရရှိပါက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ခြင်းလုပ်ငန်းမပြုရန် တားမြစ်ပိတ်ပင်ခဲ့ကြောင်း RCSS/SSA ၏သတင်းမီဒီယာ ဝက်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။



RCSS/SSA ဆေးတပ်သားများကို အာဏာပိုင်များတားဆီးပိတ်ပင်နေစဉ် (Photo by Tai Freedom/ Facebook)

ထို့အပြင် အမိန့်မရပါက ထိုနေရာတွင် ကိုဗစ် -၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းမပြုရန်နှင့် ပြန်လည် ဆုတ်ခွာပေးရန် ပြောဆိုခြိမ်းခြောက်ခဲ့ရာ RCSS/SSA ၏ ကျန်းမာရေး ဝန်ထမ်းများသည် ထိုနေရာမှ ပြန်လည် ဆုတ်ခွာပေးခဲ့ကြောင်းလည်း RCSS/SSA ၏ ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

ဇွန် ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ကာလအတွင်း ထိန်းချုပ်ရေး ၊ကုသရေး နှင့် ပတ်သတ်ပြီး RCSS/SSA နှင့် အစိုးရ အဖွဲ့တို့သည် Vedio Conferencing အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ကုသရေး ကာလအတွင်း အစိုးရအဖွဲ့မှလည်း RCSS/SSAကို ထပ်မံ ကူညီပေးမည်ဟု ပြောဆိုခဲ့သေးသည်။

လွန်ခဲ့သည့် ဧပြီလ ၇ရက် တွင်လည်း သျှမ်းပြည ်တောင်ပိုင်း မိုင်းပန်မြို့နယ် တွင် RCSS/SSA ၏ ဆေးဝန်ထမ်းများကို အစိုးရ တပ်မတော်က တားမြစ်ခဲ့ပြီး၊ RCSS/SSA ၏ ထောက်ပံ့မှုကို ယူပါက ဒေသခံပြည်သူများကို ဖမ်းဆီး အရေးယူမည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။

January 13, 2026
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ...
January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...