ကွတ်ခိုင်တိုက်ပွဲကြား ပိတ်မိနေသည့် တောင်ယာအလုပ်သမားများ အတွက်စိုးရိမ်

ကွတ်ခိုင်တိုက်ပွဲကြား ပိတ်မိနေသည့် တောင်ယာအလုပ်သမားများ အတွက်စိုးရိမ်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားသဖြင့် တောင်ယာသွားရောက် အလုပ်လုပ်ကိုင်သူများ ပိတ်မိနေမည်ကို စိုးရိမ်ကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့နယ် ကာလိုင်၊ နောင်ဖန်း ကျေးရွာ အနီးတွင် ဇွန်လ ၁၆ ရက် ညနေပိုင်းတွင်တကြိမ်၊ ၁၇ ရက်နေ့ မနက်တွင် တကြိမ် တိုက်ပွဲဖြစ်ပွားကာ ထိုအနီးပတ်ဝန်းကျင်သို့ သွားရောက်ပြီး တောင်ယာ အလုပ်သွားသည့် ကွတ်ခိုင်မြို့နယ် ကာလိုင် ဇွတ်အောင် စစ်ရှောင်စခန်းမှ အမျိုးသားတချို့ပိတ်မိနေသဖြင့် စိုးရိမ်နေရကြောင်း စစ်ရှောင်စခန်းမှ ဆရာနောင်လတ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဒီနှစ် တိုက်ပွဲတွေ ငြိမ်နေတော့ စစ်ရှောင် အိမ်ခြေ ၃၀၊၄၀က သူုတို့ မူရင်းနေရာ ကိုပြန်ပြီး တောင်ယာသွားလုပ်တယ်။ မနေ့ ညနေ တိုက်ပွဲစပြန်ဖြစ် ဒီနေ့မနက်ထိဖြစ်တယ်။ သူတို့ တိုက်ပွဲကြားညှပ်မှာ ကြောက်တယ်။ တောင်ယာလုပ်တဲ့သူတွေကလည်း အမျိုးသားတွေပဲ။ မိသားစုတွေက စိုးရိမ်နေကြတယ်” ဟု ဆရာနောင်လတ်က ဆိုသည်။

ယခုနှစ်အတွင်း တိုက်ပွဲများ ငြိမ်နေသဖြင့် ကာလိုင်ဇွပ်အောင် စစ်ရှောင်စခန်းမှ ပြည်သူတချို့သည် မိမိမူလ နေရပ်တွင် တောင်ယာပြန်လုပ်ကြကြောင်း၊ ထိုတောင်ယာ လုပ်ဆောင်နေစဉ် တိုက်ပွဲ များထပ်မံဖြစ်လာသဖြင့်အတွက် တိုက်ပွဲကြားညှပ်ပြီး စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားမည်ကို စိုးရိမ်နေရကြောင်း ဆရာ နောင်လတ် ပြောသည်။

ဇွန်လ ၁၆ ရက် ညနေ ၃ နာရီက ဖြစ်ပွါးသည့်တိုက်ပွဲသည် ကွတ်ခိုင်မြို့နယ် နောင်ဖန်းကျေးရွာ အနီးဖြစ်ပြီး၊ ၁၇ ရက် မနက် ၆ နာရီခွဲတွင်ဖြစ်ပွားသည့်တိုက်ပွဲသည် ကွတ်ခိုင်မြို့နယ် နောင်ဖန်းကျေးရွာ နှင့် နမ့်ဖူးကျေးရွာ အနီးပတ်ဝန်းကျင်တွင်ဖြစ်ကြောင်းသိရသည်။

“အမျိုးသားတွေဆိုတော့ ၁၇/၁နဲ့သော်လည်းကောင်း မသင်္ကာမှုနဲ့ သော်လည်းကောင်း ဖမ်းသွားမှာ ကြောက်နေရတယ်။ ဖုန်းလိုင်းမမိ ဖြစ်တော့ စိုးရိမ်ပြီး စောင့်နေရတယ်” ဟု ဆရာနောင်လတ်က ထပ်လောင်းပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ ဇွပ်အောင် စစ်ရှောင်စခန်း မှ ဆိုင်ကယ်ဖြင့် သွားပါက တနာရီခွဲကျော် ကြာကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေး နှင့် တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိခဲ့ပေ။

January 13, 2026
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ...
January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...