မြန်မာ-တရုတ် နယ်စပ်ဂိတ် ကနေ့အထိ ဝင်ထွက်ခွင့်မပေးသေး

မြန်မာ-တရုတ် နယ်စပ်ဂိတ် ကနေ့အထိ ဝင်ထွက်ခွင့်မပေးသေး

မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို ယနေ့အချိန်ထိ ပိတ်ထားဆဲဖြစ်သဖြင့် မူဆယ်ဒေသခံ ဈေးသည်များ အခက်အခဲများစွာရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

ဧပြီလ မှ စတင်ကာ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် မူဆယ် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ် (အလယ်ဂိတ်) မန့်ဝိန်းဂိတ်များနှင့် အခြားဂိတ်များတွင် တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုမှ အပကျန် လူဝင်၊ ထွက်မှု ပိတ်ဆိုင်းထားသည်မှာ ယနေ့ထိတိုင်ဖြစ်ကြောင်း မူဆယ် ဈေးသည်များက ပြောသည်။

“ အဓိက တော့ ကုန်စည် ဝင်၊ထွက်လို့ရပေမယ့် ကျမတို့လို ကုန်စုံရောင်းတဲ့သူတွေက ဝင်၊ထွက်ဖို့က ခက်တယ်။ အရင်က ကျမတို့ ကုန်စုံတွေကို တဖက်နိုင်ငံကို တပိုင်တနိုင် တင်ပို့ရောင်းတယ်။ ကိုဗစ် ဖြစ်ကတည်းက မဝင်ရတော့ အခက်ဖြစ်တယ်” ဟု ကုန်စုံဆိုင် ဖွင့်ထားသည့် နန်းကျင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

မြန်မာ-တရုတ် နယ်စပ်တွင်နေထိုင်သူများသည် ယခင် ကိုဗစ် မဖြစ်ခင်တွင် တရုတ်နိုင်ငံသို့ ခြံထွက်များ ကုန်စည်များကို တပိုင်တနိုင်ရောင်းချကြောင်း၊ လက်ရှိမှာ ကိုဗစ်ကြောင့် တရုတ်ပြည်သို့တင်ပို့ရောင်းချခွင့်မရသဖြင့်များစွာ အခက်ကြုံနေရကြောင်း နန်းကျင် က ပြောသည်။

“ အရင်က ကျမ ခြံထွက် သီးနှံတွေကို တရုတ်ဘက် သွားရောင်းတယ်။ အခု မရောင်းရတာ အဆင်မပြေဘူး။ ကိုဗစ် ပြီးမှပဲ ရောင်းရမယ်ဆိုရင်တော့ ဘယ်တော့ ပြန်ဖွင့်မလဲမသိဘူး” ဟု မူဆယ်မြို့နယ် အတွင်းရှိ ဈေးသည် နန်းဆာ က ပြောသည်။

ကိုဗစ် ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံ လုပ်ကိုင်စားသောက် မူဆယ်မြို့နယ် ဒေသခံများအတွက် ယခုမှာ ဝင်ငွေ ရှာဖွေရခက်ခဲလာကြောင်း၊တရုတ်ငွေလဲလှယ်သည့် သူများလည်း အဆင်မပြေမှုများကြုံနေရကြောင်း သိရသည်။

“ ဒီလို သာ ဆက်သွားမယ်ဆိုရင်တော့နဂိုကတည်းက လုယက်မှု ခိုးမှုပေါတဲ့မူဆယ်က ပိုပြီးသူခိုးတွေ ဓားမြတွေ ပေါလာနိုင်တယ်။ အခု က အားလုံး အကြပ်အတည်းကြုံနေတဲ့ ကာလပါပဲ” ဟု နန်းဆာ က ပြောသည်။

မြန်မာ-တရုတ်နယ်စပ် ဂိတ်ကို တရုတ်ပြည် ဘက်မှ ယာယီပိတ်လိုက်ခြင်းဖြစ်ပြီး မြန်မာပြည်ဘက်မှ တစုံတရာ ထုတ်ပြန်ထားခြင်းမရှိကြောင်း မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ လက်ရှိကတော့ တရုတ်ပြည်ဘက်က နယ်စပ်ဂိတ် ပေးမဝင်သေးဘူး။ ဘယ်တော့ဆိုတာလည်း မသိရသေးဘူး။ ကိုဗစ် ပြီးမှပဲ သူတို့ ပေးဝင်မယ်ထင်တယ်” ဟု ဦးသူရိန်က ဆိုသည်။

မြန်မာ-တရုတ်နယ်စပ်ဂိတ်များတွင် လူ ဝင်၊ထွက်ခွင့် ယာယီပိတ်ဆိုင်းထားသော်လည်း ကုန်စည်စီးဆင်းမှုအတွက် ဝင်၊ထွက် သွားလာခွင့်ပေးထားကြောင်း၊ သို့သော် မြန်မာပြည်ဘက်ခြမ်းမှ ကုန်ကားများကို တရုတ်ဘက်ခြမ်းမှ ကားသမားများက လာရောက်မောင်းနှင်ယူဆောင်သွားကြောင်း ဦးသူရိန်က ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် တပိုင်တနိုင် ကုန်သည်များအတွက် ဝင်၊ ထွက် သွားလာခွင့်ပေးရန်၊ ဈေးသည်များလည်း ဈေးရောင်းချခွင့်ပေးရန် မူဆယ် မြို့နေ ဈေးသည်၊ ကုန်သည်များက တောင်းဆိုလိုက်သည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...