ရခိုင်အမျိုးသားပါတီမှ ပါတီဝင် ၆ ဦးအထိ ဖမ်းဆီးတရားစွဲဆိုခံထားရ

ရခိုင်အမျိုးသားပါတီမှ ပါတီဝင် ၆ ဦးအထိ ဖမ်းဆီးတရားစွဲဆိုခံထားရ

မင်းထွန်း — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းမှ ရခိုင်အမျိုးသားပါတီ (ANP) ၏ ပါတီဝင်များကို ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများသည် မေလနှင့် ဇွန်လအတွင်းတွင် ပါတီဝင် ၆ ဦးအထိ ရှိနေပြီဖြစ်သည်။

ဖမ်းဆီးခံနေရသည့်(ANP)ပါတီဝင်များမှာ တောင်ကုတ်မြို့(ANP)ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း၊ ဆားပြင် ကျေးရွာ(ANP)ပါတီဥက္ကဋ္ဌ ဦးပြုံးချိုနှင့် ပါတီဝင်ဦးသန်းနိုင်၊ ချက်ဖောက်ကျေးရွာမှ (ANP) ကျေးရွာရုံး တွဲဖက် အတွင်းရေးမှူး ဦးကျော်တင်အောင်နှင့် ပါတီဝင်မောင်မိုးအပြင် မအီမြို့မှ(ANP)ပါတီဥက္ကဋ္ဌ ဦးမျိုးလွင်တို့ ဖြစ်ကြောင်း တောင်ကုတ်မြို့နယ်(ANP)ရုံးမှ သိရသည်။

ယင်းသို့ ပါတီဝင်များကို ဖမ်းဆီးနေခြင်းသည် အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေသည့်သဘောမျိုးဟု ရခိုင်အမျိုးသားပါတီ(ANP)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

“နိုင်ငံရေး၊ လူမှုရေးနဲ့ ကိုယ့်ရပ်ရေးရွာရေးတွေမှာ ထက်ထက်မြက်မြက် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်တဲ့ လူတွေကို ခေါင်းစဉ်တစ်ခုတပ်ပြီးတော့ ဖမ်းဆီးအရေးယူတဲ့ အနေအထားတွေက ပါတီကို လူထုတွေနဲ့ကင်းကွာသွားအောင်၊ အကြောက်တရားတွေ လွှမ်းမိုးသွားအောင် လုပ်နေတဲ့သဘောမျိုးပဲလေ”ဟု ၎င်းကဆိုသည်။

ထိုသို့ ဖမ်းဆီးခံထားရသူများထဲမှ ဦးပြုံးချိုသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တရား ရင်ဆိုင်နေရပြီး ဦးဝေသောင်းမှာ အကြမ်းဖက်မှုဥပဒေ ၅၀(က)ဖြင့် အမှုဖွင့်ခံရပြီး လက်ရှိတွင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များလည်း မသိရှိရပေ။

“ကျနော်လည်း ပါတီဝင်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လူတွေကို ဘယ်လိုအခြေအနေမှာ လာပြီးတော့ ဖမ်းဆီးလာမလဲဆိုတာကို ကျနော်တို့က စိုးရိမ်တာပေါ့နော်။ ဒီလိုမဖြစ်ဖို့အတွက်ကို တရားမျှတမှု ရှိဖို့လိုတယ်။ ကျနော်တို့ပါတီဝင်တွေအပေါ်မှာ သံသယမရှိဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်” ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ရခိုင်အမျိုးသားပါတီဝင် ၆ ဦးတို့သည် ၎င်းတို့နေအိမ်၌ရှိနေစဉ် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကာ အမှုဖွင့်မခံရသေးသည့် ပါတီဝင် ၄ ဦးကိုလည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း မိသားစုဝင်များကပြောဆိုသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော်တွင် ၂၂ နေရာ အနိုင် ရရှိခဲ့ကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ၃၂ နေရာ အနိုင်ရရှိထားသည့် အင်အားကြီးပါတီ တစ်ခုဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မေလအတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသူ (၁၃)ဦး ရှိခဲ့ပြီး တရားစွဲမခံရသေးဘဲ ဖမ်းဆီးခံထားရသူမှာ (၆၅)ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ဇွန်လ ၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...