စုမွန် — ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်ကျေးရွာမှ မိုင်းထိမှန်၍ ခြေတစ်ဖက်ပြတ်သွားခဲ့ရသူအတွက် အဆိုတော်ချမ်းချမ်းမှ ခြေတုလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် ခြေပြတ်သွားသူမှာ ဒဏ်ရာမကျက်သေးသောကြောင့် ကနဦးအနေဖြင့် ချိုင်းထောက် လှူဒါန်း ပေးထားပြီးဖြစ်ကာ လာမည့်သုံးလေးလအတွင်း ခြေတုကိုထပ်မံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အဆိုတော် ချမ်းချမ်းက DMG သို့ ပြောသည်။
“Mobile Cleaning က အစ်မနဲ့ခင်တဲ့ မလေးခင်ဆိုတဲ့အမက ရခိုင်ဘက်မှာ လူနာတစ်ယောက်ရှိတယ်။ လှူချင်လားမေးတော့ အစ်မလည်းချက်ချင်းပဲ လှူဖြစ်သွားတာ” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်ကျေးရွာနေ ဦးထွီးအောင်၊ အသက် (၄၀)နှစ်သည် ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က မင်းမတောင်တန်းသို့ ထင်းရှာသွားစဉ် မိုင်းထိမှန်ကာ ဘယ်ခြေထောက်ပြတ်ထွက်သွားခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် ဦးထွီးအောင်မှာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ၎င်းအတွက် ငွေကြေးလိုအပ်ချက် များရှိနေကြောင်း ၎င်း၏မိသားစုဝင် ဦးဝေချေကဆိုသည်။
“လိုအပ်နေလို့ လာလှူဒါန်းပေးလာတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလောလောဆယ် လူနာအတွက် ဆေးဖိုးဝါးခတွေ လိုအပ်နေပါတယ်” ဟု ဦးဝေချေကပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားနေသည့် တိုက်ပွဲကာလအတွင်း ဒေသခံများ လက်နက်ကျည်ထိမှန်မှု၊ မိုင်းထိမှန်မှု၊ လက်နက်ကြီးထိမှန်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှုများ မြင့်တက် လျက်ရှိနေသည်။







