ကျောက်တစ်လုံး IDP စခန်းမှ ဒုက္ခသည်များ မူလနေရာတွင်နေထိုင်ရန် တောင်းဆို

ကျောက်တစ်လုံး IDP စခန်းမှ ဒုက္ခသည်များ မူလနေရာတွင်နေထိုင်ရန် တောင်းဆို

အောင်ထိန် — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းမှ မွတ်ဆလင်ဒုက္ခသည်များက မူလနေထိုင်ခဲ့သည့်နေရာတွင် ပြန်လည်နေရာချထားလိုကြောင်း တောင်းဆိုကြသည်။

၎င်းတို့ ယခုနေထိုင်လျက်ရှိသော ကျောက်တစ်လုံး IDP စခန်းနှင့် (၂) ဖာလုံ ဝေးသည့်နေရာတွင် ပြန်လည်နေရာချထားရန် အစိုးရက စီစဉ်ဆောင်ရွက်ပေးမှုကို ငြင်းဆိုပြီး မူလနေရာတွင် နေထိုင်လိုခြင်းဖြစ်သည်။

အစိုးရမှ ပြန်လည်နေရာချထားရန် စီစဉ်နေသောနေရာသည် ဒီရေများတက်ပြီး ဆားငံရည်ပတ်လည် ဝန်းရံ ထားသည့်နေရာဖြစ်ကာ စီးပွားရေးလုပ်ကိုင်ရန် မဖြစ်နိုင်သည့်အတွက် နေထိုင်ရန်မဖြစ်နိုင်ကြောင်း IDP ဒုက္ခသည်စခန်း၏ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကိုဖြူချေက ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အဲဒီနေရာမှ အသစ်တစ်ခုအဖြစ် ရပ်တည်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ စီးပွားရေးလည်း လုပ်ကိုင်စားသောက် နိုင်မယ့်နေရာလည်း မဟုတ်ဘူး။ ကျနော်တို့ ဒုက္ခသည်တွေကို အတင်းအဓမ္မ နေရာချထားဖို့ စီစဉ်တဲ့သူတွေ ကျနော်တို့နဲ့ တစ်ပတ်၊ တစ်လ လာနေကြည့်ပါလို့ ဖိတ်ခေါ်ချင်တယ်” ဟု ဦးကိုဖြူချေက ဆိုသည်။

ယင်းသို့ ဝေးလံခေါင်းဖျားသောနေရာတွင် ပြန်လည်နေရာချထားရန်စီစဉ်ခြင်းသည် ဒုက္ခသည်များကို အသိုင်းအဝိုင်းတစ်ခုအဖြစ် သီးခြားဖယ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ကျွန်မ အမျိုးသမီးတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒီစခန်းကလေးတွေက ဘက်စုံဆုံးရှုံးနေရတယ်။ ကျွန်မတို့ ဒီကိုရောက်ကတည်းက ဆယ်တန်းအောင်ဆိုတာ တစ်ယောက်မှမရှိဘူး။ စီးပွားမရှိ၊ ငွေကြေးလည်း မရှိဘူး။ ကလေးတွေဆို ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးသွားတာတွေရှိတယ်” ဟု ကျောက်တစ်လုံးစခန်းတွင်နေထိုင်သည့် ဒေါ်ခင်နီလာဝင်းက ပြောသည်။

၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်ကြောင့် ကျောက်ဖြူမြို့ရှိ အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ တမန်ချောင်း ရပ်ကွက်နှင့် ပြင်ဖြူမော်ရပ်ကွက်တို့တွင် နေထိုင်ခဲ့ကြသည့် အိမ်တောင်စု ၃၆၃ စု၊ လူဦးရေ ၁ ထောင်ကျော် တို့ကို ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် နေရာချပေးထားခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး IDP ဒုက္ခသည်စခန်းကို ဖျက်သိမ်းပြီး ပြန်လည်ရာချထားပေးရန်အတွက် အစိုးရက ငွေကျပ်သန်း ၂၀၀၀ ကျော်ကိုသုံးစွဲရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့ပြင် အသစ်နေရာချပေးမည့် လယ် ဧက ၉ ဒသမ ၃၀ မှာ ၁၉၉၃ ခုနှစ်က တပ်မတော်ကသိမ်းပြီး ပြန်လည် စွန့်လွှတ်လိုက်သော်လည်း လက်ရှိအစိုးရက မူလပိုင်ရှင် ၁၂ ဦးအား ပြန်ပေးခြင်းမရှိသလို လျော်ကြေးငွေ တစ်စုံတစ်ရာပေးဆောင်ခြင်းလည်း မရှိသေးကြောင်း လယ်ပိုင်ရှင်များထံမှသိရသည်။

ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးကမူ အစိုးရအနေဖြင့် မူလပိုင်ရှင်တို့ကို လျော်ကြေးငွေ ပေးဆောင်ရန်အတွက် လက်ရှိတွင် တွက်ချက်ထားပြီဖြစ်ကြောင်းဆိုသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...