တပ်မတော်က ဖမ်းဆီးသွားသည့် တင်းမရွာသား ၁၈ ဦး ပျောက်ဆုံးနေ

တပ်မတော်က ဖမ်းဆီးသွားသည့် တင်းမရွာသား ၁၈ ဦး ပျောက်ဆုံးနေ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ရွာသား ၁၈ ဦးအား တပ်မတော်မှ ဖမ်းဆီးသွားသည်မှာ သုံးလခန့်ကြာမြင့်လာပြီဖြစ်သော်လည်း ယခုအချိန်ထိ သတင်းတစ်စုံတစ်ရာမရရှိဘဲ ပျောက်ဆုံးနေသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

တင်းမ(သစ်)ကျေးရွာမှ ၈ ဦးကို မတ်လ ၁၃ ရက်နေ့ကလည်းကောင်း၊ တင်းမ(ကြီး)ကျေးရွာသား ၁၀ ဦးကို မတ်လ ၁၆ ရက်နေ့တွင်လည်းကောင်း ယင်းကျေးရွာများအနီးရှိ တောင်ရှည်တောင်တွင် ယာယီတပ်စွဲနေကြသော တပ်မ (၅၅)မှ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုကြသည်။

“အခုချိန်ထိ သေသွားပြီလား။ အသက်ရှင် ရှိနေသေးလားဆိုတာလည်း ကျွန်မတို့ ဘာတစ်ခုမှမသိရဘူး။ တပ်မတော်က သူ့ကိုတစ်ခုခုလုပ်ပစ်မှာကို အရမ်းစိုးရိမ်တယ်”ဟု တင်းမကြီးကျေးရွာမှ ဖမ်းဆီးခံရသူ ဦးထွန်းမောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အလတ်ကပြောသည်။

ဦးထွန်းမောင်ဝင်းတွင် ဆယ်တန်းတက်မည့် သမီးတစ်ယောက်နှင့် သား ၂ ဦးရှိပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူဖြစ်၍ လက်ရှိတွင် သားသမီးများ ပညာသင်ကြားနိုင်ရေးနှင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း ၎င်းကဆက်၍ ဆိုသည်။

တင်းမကြီးကျေးရွာနေ ဖမ်းဆီးခံရသူများမှာ ဦးထွန်းမောင်ဝင်း ၊ ဦးအောင်ညွှန့်၊ ဦးကြည်လင်း၊ မောင်ဝင်းစိန်၊ မောင်ဝင်းကြီး၊ မောင်ဝင်းချေ၊ ဦးသန်းမောင်ထွန်း၊ ဦးယဉ်မောင်၊ မောင်ထွန်းထွန်းဝေနှင့် ကိုနေလင်းဦး စုစုပေါင်း ၁၀ ဦးတို့ဖြစ်ကြသည်။

ဖမ်းဆီးခံရသူ (၁၀) ဦးထဲမှ မောင်ဝင်းကြီး၏ ရုပ်အလောင်းသည် ဖမ်းဆီးခံရပြီး ၂ ရက်အကြာတွင် ကျေးရွာအနီးရှိ စက်ရုံဆိပ်ကမ်းအနီးတွင်မျောပါနေသည်ကိုတွေ့မြင်ခဲ့ရကြောင်း မိသားစုဝင် ‌ဒေါ်မစံနုကပြောသည်။

ဖမ်းဆီးခံခဲ့ရသူ ဦးအောင်ညွှန့်၏ ဇနီးဖြစ်သူ ‌ဒေါ်ကြည်ကြည်အေးက “ကိုယ့်မိသားစုတွေ စုံစုံလင်လင်နဲ့ ပြန်နေ ချင်တယ်။ အခုကျွန်မယောကျ်ားမရှိတဲ့အတွက် မိသားစုမှာ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရတယ်။ ကျွန်မ ယောကျ်ားအပါအဝင် တခြားအဖမ်းခံထားရတဲ့သူတွေ အကုန်လုံးကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟု တောင်းဆိုသည်။

တင်းမရွာသစ်ကျေးရွာတွင်မူ အသက် ၃၅ နှစ်မှ ၇၀ ကျော်အရွယ်ထိရှိကြသည့် ဦးလှကျော်ကြီး၊ ဦးမောင်စိတ်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးမောင်မြအေး၊ ဦးစံသာမောင်နှင့် ဦးစောရွှေသန်း စုစုပေါင်း (၈)ဦးတို့လည်း ဖမ်းဆီးခံရပြီးနောက် သတင်းအစအန မရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါကျေးရွာသို့ မတ်လ ၁၃ ရက်နေ့တွင် တပ်မတော်ကဝင်ရောက်လာပြီး ရွာသူ၊ ရွာသားများကို နေအိမ်မှ ခေါ်ထုတ်စစ်ဆေးခဲ့ပြီး အမျိုးသမီးများကိုပြန်လွှတ်ကာ အမျိုးသား ၈ ဦးကို ကြိုးချည်နှောင်၊ မျက်နှာချုပ်ကာ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူ ဦးစံသာမောင်၏ ဇနီးဖြစ်သူ ‌ဒေါ်လှကြာစိန်က ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီတို့ကို DMG က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့သည့် အတွက် တပ်မတော်၏တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။

ဖမ်းဆီးခံရမှုနှင့်ပတ်သတ်ပြီး မိသားစုဝင်များက သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း မိသားစုဝင်များကပြောသည်။

ထိုသို့ ကျေးရွာသားများ ဖမ်းဆီးခံရခြင်းကြောင့် ရွာသူ၊ ရွာသားများမှာ နေရပ်မှထွက်ပြေးတိမ်းရှောင်သွားကြရာ မတ်လ ၂၂ ရက်နေ့တွင် နေအိမ်များ မီးရှို့ခံလိုက်ရကြောင်း ဒေသခံများကပြောကြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက မတ်လ(၂၂)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ စာဖြင့် တိုင်တန်းခဲ့ထားကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက DMG သို့ ပြောသည်။

“တင်းမကျေးရွာက ဖမ်းဆီးခံရတဲ့လူတွေအကြောင်းအပြင် နေအိမ်တွေမီးရှို့ခံနေရတာတွေ၊ ရခိုင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုခံနေရတာတွေ အကုန်လုံးကို တိုင်ကြားခဲ့ပေမယ့် သူတို့ဆီက တစ်စုံတစ်ရာ ပြန်လည် ဆက်သွယ်လုပ်ဆောင်တာတွေ ဘာမှမရှိဘူး” ဟု ၎င်းကဆိုသည်။

မီးလောင်ဆုံးရှုံးခဲ့ရသည့် အိမ်ခြေ ၅၀၀ ကျော်အတွက် ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီး ဌာနမှ ငွေကျပ်သိန်းကိုးရာကျော်အား ဧပြီလ ၂၂ ရက်နေ့က ထောက်ပံ့ပေးခဲ့သည်။

တပ်မတော်မှ ယင်းကျေးရွာတွင် မီးရှို့မှုများမရှိခဲ့ကြောင်း ဧပြီလအတွင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုခဲ့သည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...