ပလက်ဝမြို့နယ်အား လမ်းပန်းဆက်သွယ်ရေး ပိတ်ထားသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်ကာ စားနပ်ရိက္ခာ ပြတ်လပ်နေ

ပလက်ဝမြို့နယ်အား လမ်းပန်းဆက်သွယ်ရေး ပိတ်ထားသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်ကာ စားနပ်ရိက္ခာ ပြတ်လပ်နေ

မျိုးသီရိကျော် — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရေလမ်း၊ ကုန်းလမ်းသွားလာရေးကို တားဆီးပိတ်ပင်ထားသောကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ကာ စားဝတ်နေရေးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့သို့ လမ်းပန်းဆက်သွယ်ရေးကို ဖေဖော်ဝါရီလမှစ၍ ပိတ်ပင်လိုက်ခြင်းကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်နှင့် ပလက်ဝမြို့နယ်သို့ ကုန်သွယ်ရေးရပ်ဆိုင်းသွားသဖြင့် ကုန်ဈေးနှုန်းမြင့်တက်လာကာ စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်က DMG သို့ ပြောသည်။

“ဆင်းရဲတဲ့မိသားစုတွေမှာဆိုရင် အရင်က ဆန်တစ်ပြည်စားရင် အခုတစ်ဝက်စားနေရတယ်။ ဆင်းရဲတဲ့ မိသားစု တွေဆိုရင် တောင်တက်ဟင်းရှာစားလို့လည်းမရတော့ ပိုအခက်အခဲဖြစ်တာပေါ့နော်။ ဆန်တစ်နပ်စာ ဝယ်လို့လည်းမရနိုင်သလို ဝယ်စားဖို့ဆန်လည်းမရှိဘူး။ ဆန်မရှိတော့ မိသားစုဝင်များတဲ့ သူတွေမှာဆိုရင် ရတဲ့ဆန်ကို ပြုတ်စားနေရတယ်”ဟု ၎င်းက ရှင်းပြသည်။

ယခင်က ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ်သုံးသောင်းကျပ်ခန့်သာ ရှိခဲ့ရာမှ ယခုအခါ ကိုးသောင်းမှ တစ်သိန်းကျပ်အထိ ရှိလာနေကြောင်း၊ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်က ငါးသောင်းကျပ်သာရှိခဲ့ရာမှ ယခုအခါ တစ်သိန်းခွဲအထိ ဈေးမြင့်တက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ငါးခြောက်တစ်ပိဿလျှင် နှစ်ထောင်ကျပ်မှ ရှစ်ထောင်ကျပ်အထိ မြင့်တက်သွားကာ င/ပိ တစ်ပိဿာလျှင် ယခင်သုံးထောင်ကျပ်ရှိရာမှ ယခုအခါတွင် ရှစ်ထောင်ကျပ်ပေးဝယ်နေရကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ စားသုံးကုန်‌များ ဈေးမြင့်တက်နေသည့်အပြင် လူသုံးကုန်ပစ္စည်းနှင့် ဆေးဝါးများမှာလည်း ပြတ်လပ် နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဆန်ရောင်းတဲ့ဆိုင် ၉ဆိုင်ရှိတယ်။ ဒါပေမဲ့ တစ်ဆိုင်မှာမှ ဆန်မရှိတော့ဘူး။ မိုးရာသီရောက်လာရင် ဘယ်လို စားသောက်နေထိုင်ရမှာလဲ။ စားစရာလည်းမရှိ၊ ဝယ်စရာတွေလည်း ဘာမှမရှိဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲတော့ ပိုပြီးဈေးကြီးသွားတာပေါ့။ အခုက ဈေးကြီးရင်လည်း ဝယ်စရာမရှိဘူး” ဟု ပလက်ဝမြို့ပေါ်နေ ဦးစိန်ထွန်းလှက ပြောသည်။

ယင်းသို့ စားနပ်ရိပ်က္ခာနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေခြင်းကြောင့် ပုဂ္ဂလိက အလှူရှင်များနှင့် ကမ္ဘာ့ စားနပ်ရိက္ခာအစီစဉ်(WFP)တို့မှ လှူဒါန်းထားသော ဆန်အိတ်ပေါင်း (၅)‌ထောင်ကျော်မှာလည်း လမ်းများ ပိတ်ထားသဖြင့် ပလက်ဝမြို့နှင့် မိုင်(၄၀)ကျော်ဝေးသည့် ဆမီးမြို့တွင် ပိတ်မိနေကြာင်း ခူမီးမျိုးနွယ်စုများ ရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)မှ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထံမှ သိရသည်။

“ပလက်ဝက ကျနော်ကို မနေ့က ဖုန်းဆက်ကြပါတယ်။ စားဝတ်နေရေး အခက်အခဲတွေ ဆန်တွေမရှိကြတော့ဘူးလို့။ ကျနော်တို့မှာလည်း လုပ်ပိုင်ခွင့်မရှိဘူး။ တတ်နိုင်သလောက်ပဲ ကူညီနိုင်ပါတယ်။ မိုးရာသီလည်းနီးလာပြီဆိုတော့ ဒီအတိုင်းဆက်သွားရင်တော့ အခက်အခဲတွေက ပိုဆိုးနိုင်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်နှင့် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်အား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...