စစ်ဘေးရှောင်စခန်းများတွင် မိုးရာသီခြင်အန္တရာယ်ကြောင့် ရောဂါဖြစ်ပွားမည်ကိုစိုးရိမ်

စစ်ဘေးရှောင်စခန်းများတွင် မိုးရာသီခြင်အန္တရာယ်ကြောင့် ရောဂါဖြစ်ပွားမည်ကိုစိုးရိမ်
ဓါတ်ပုံ - ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က ရာသီတုပ်ကွေး H1N1 ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေစဉ်
ဓါတ်ပုံ - ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က ရာသီတုပ်ကွေး H1N1 ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေစဉ်

ကျော်သူဌေး — ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းများတွင် မိုးရာသီကာလအတွင်း ခြင်အန္တရာယ်ကြောင့် ရောဂါများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ခန့် ခိုလှုံနေသည့် မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်စစ်ဘေးရှောင်စခန်းအနီး ရေမြောင်းတွင် ခြင်များပေါက်ပွားနေမှုကြောင့် ဒုက္ခသည်များရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း စခန်း တာဝန်ခံ ဦးစိန်လှမောင်က DMG သို့ ပြောသည်။

“အိမ်ကနိမ့်တဲ့အတွက်ကြောင့် အိမ်အောက်တွေကိုဝင်ပြီး သန့်ရှင်းရေးလုပ်လို့မရဘူး။ ပြီးတော့ လူတွေကများတဲ့ အခါ ခြင်နဲ့ယင်တွေက အိမ်သာကတစ်ဆင့်၊ ရေမြောင်းတွေကတစ်ဆင့် ပေါက်ပွားလာတယ်။ မိုးရာသီ ရောက်လာ တော့ ရာသီတုတ်ကွေးရောဂါ၊ ဝမ်းရောဂါတွေဖြစ်မှာကိုလည်း စိုးရိမ်ရတယ်”ဟု ၎င်းကဆိုသည်။

ထို့သို့ရောဂါများမဖြစ်ပွားစေရန်အတွက် သက်ဆိုင်ရာကျန်းမာရေးဌာနမှ ခြင်နိုင်ဆေးများကို အချိန်မီဖြန်းပေးရန် လိုအပ်ကြောင်းနှင့် ခြင်သတ်ဆေးများဖြန်းပေးရန် စခန်းသို့လာရောက်ဆေးကုသပေးနေသည့်ကျန်းမာရေး ဝန်ထမ်းအား ပြောဆိုထားသော်လည်း ဆေးဖြန်းပေးခြင်းမရှိသေးကြောင်း ဦးစိန်လှမောင်က ဆက်ပြောသည်။

စစ်ဘေးရှောင်ဦးရေ သုံးထောင်ကျော်ခိုလှုံနေသည့် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်လည်း ခြင်အန္တရာယ်ကိုကာကွယ်နိုင်ရန် ခြင်နိုင်ဆေးဖြန်းခြင်းနှင့် စစ်ဘေးရှောင်များအတွက် ခြင်ထောင်များပေးအပ်ရန် လိုအပ်နေကြောင်း စခန်းတာဝန်ခံ ဦးဝေလှအောင်က ဆိုသည်။

“စစ်ဘေးရှောင်စခန်းက လူပေါင်းစုံ စုဝေးနေတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် ခြင်၊ယင်ပေါက်ပွားနိုင်တဲ့နေရာက အများကြီးရှိတယ်။ ကလေးတွေရောဂါမဖြစ်ရအောင် ကျန်းမာရေးဌာနတွေက စခန်းထဲလာပြီးတော့ ဆေးဖြန်း တာတို့ လုပ်ဖို့လိုအပ်တယ်။ ဆေးမဖြန်းပေးရင်လည်း ခြင်ထောင်တွေက ပေးဖို့လိုအပ်တယ်။ အခုက မနှစ်က ရထားတဲ့ ခြင်ထောင်အစုတ်၊အပြဲတွေနဲ့ အဆင်ပြေသလိုနေနေရတယ်”ဟု တိမ်ညိုစခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်မှာ စစ်ဘေးရှောင်စခန်းများနှင့် စခန်းပြင်ပတို့တွင် နေထိုင်နေကြ ရသည်။

ရခိုင်ပြည်နယ်၊ ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီကာလတွင် သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရန် အတွက် ပိုးလောက်လန်းသတ်ဆေးများဖြန်းပေးရန် မြို့နယ်အလိုက် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်များကို ညွှန်ကြားထားကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဆေးမှုတ်တယ်ဆိုတာ မလိုလားအပ်ပဲနဲ့ မှုတ်လို့မရဘူး။ ကျနော်တိ့ု့ကလိုအပ်ရင် ကျန်းမာရေးအမြင်နဲ့ ဆေးမှုတ် ပေးမယ်၊ မလိုအပ်ရင်ဆေးမမှုတ်ဘူး။ ဒီရာသီက ယင်ပေါတဲ့ရာသီ၊ အမှိုက်တွေကို စနစ်တကျမပစ်ဘူး၊ ဖုံးအုပ် မထားဘူးဆိုရင်တော့ ယင်လာမှာပဲ။ အဲဒီ ယင်မလာဖို့အတွက်က ထုံးတွေဘာတွေဖြူးလို့ရတယ်။ ကျနော်တို့က ထုံးဖြူးပါလို့ပဲညွှန်ကြားပေးနိုင်တယ်။ လုပ်တာ၊ မလုပ်တာဆိုတာက စခန်းတာဝန်ခံတွေကပဲလုပ်လိမ့်မယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ယခု ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလမှ ဇွန်လ ၁ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၈ ဦးရှိပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအထဲတွင် အသက် (၁)နှစ်အောက် ကလေး များနှင့် အသက်(၅)နှစ်မှ (၉)နှစ်ကလေးများပါဝင်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၈၀၈ ဦးရှိခဲ့ပြီး သေဆုံးသူ ၈ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၏စာရင်းများအရ သိရသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂၂ ရက်နေ့အထိစာရင်းအရ ရာသီတုပ်ကွေးဖြစ်ပွားသူ ၂၇ ဦးအား တွေ့ရှိခဲ့ပြီး ယင်းအထဲတွင် H1N1 ရာသီတုပ်ကွေးပိုးတွေ့သူ ၆ ဦးရှိခဲ့ကာ သေဆုံးသူမရှိခဲ့ကြောင်းလည်း သိရသည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...