KNU ၏ နယ်နမိတ်ကျော်လွန်ခြင်းကြောင့် COVID-19 ကာကွယ်ရေးဂိတ်ကို ဖျက်ဆီးရခြင်းဟု တပ်မတော်ပြော

KNU ၏ နယ်နမိတ်ကျော်လွန်ခြင်းကြောင့် COVID-19 ကာကွယ်ရေးဂိတ်ကို ဖျက်ဆီးရခြင်းဟု တပ်မတော်ပြော
ဓာတ်ပုံ – (ဒူးပလာယာခရိုင်)
ဓာတ်ပုံ – (ဒူးပလာယာခရိုင်)

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ထိန်းချုပ်နယ်မြေမှ COVID-19 ကာကွယ်ရေးဂိတ်တစ်ခုအား ဖျက်ဆီး ရခြင်းသည် သတ်မှတ်နယ်မြေအား ကျော်လွန်လာခြင်းကြောင့်ဖြစ်ကြောင်း တပ်မတော်ဘက်က တုံ့ပြန်လိုက်သည်။

 

ပြီးခဲ့သည့် ဇွန်လ ၂ရက်နေ့က KNU၏ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် ညောင်လေးပင်ခရိုင်၊ရွှေကျင်မြို့နယ် ခလိန်-ချောင်းဝလမ်းဆုံရှိ ဆောက်လုပ်ပြီးကာစ COVID-19 ကာကွယ်ရေးဂိတ်တစ်ခုကို တပ်မတော်ဘက် ဝင်ရောက်ဖျက်ဆီးခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် COVID-19 ကာကွယ်ရေးလုပ်ငန်းများအား အကြောင်းပြကာ လမ်းမကြီးများပေါ်တက်လာခြင်း၊မြို့ပေါ်သို့ တက်လာခြင်းများရှိသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။

 “သူတို့သတ်မှတ်ထားတဲ့နယ်မြေတွေမှာလုပ်တယ်ဆိုပြောစရာမရှိပါဘူး။ သို့သော် မြို့ပေါ်ထိ တက်လာပြီး လုပ်တဲ့ဟာတွေကျတော့ အစိုးရကလုပ်ရမယ့်လုပ်ငန်းတွေဖြစ်တယ်။ လုပ်လည်း လုပ်နိုင် တယ်။ လုပ်လည်း လုပ်နေတာပဲ။ တပ်မတော်အနေနဲ့လည်း လုပ်လည်းလုပ်နိုင်တယ်။ လုပ်လည်းလုပ်နေတာပဲ။ သို့သော် ဒါတွေ ကိုအကြောင်းပြပြီး ဒီလိုလုပ်တဲ့အခါ့မှ အဲ့နေရာတွေကအတည်ဖြစ်သွားပြီး ပဋိပက္ခဖြစ်ပွားနိုင်တဲ့ အလားအလာ ရှိတဲ့အတွက်ကြောင့်မို့ လုပ်ဆောင်ခြင်းဖြစ်တယ်”ဟု အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ ဖျက်ဆီးခံခဲ့ရသည့်ဂိတ်သည် COVID-19 ကာလအတွင်း တောင်ပေါ်ဒေသရှိ လူဝင်၊ထွက် သွားလာမှု များ စစ်ဆေးနိုင်ရန်အတွက် ဒေသအတွင်းရှိ ရောဂါကာကွယ်ရေးကော်မတီက ဇွန်လ ၂ရက်နေ့ မနက်ပိုင်းတွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ညနေပိုင်းတွင် ယခုကဲ့သို့ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု KNU ညောင်လေး ပင်ခရိုင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၊ ဆက်သွယ်ရေးတာဝန်ခံ ပဒိုစောကလယ်မူထူးက သတင်းမီဒီယာများ အား ပြောဆိုထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မဇ္ဈိမသတင်းဌာနက  ကရင်အမျိုးသားအစည်းအရုံးသို့  ဆက်သွယ်မေးမြန်း သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေးစာချုပ်(NCA)အရ ကျန်းမာရေးနှင့်လူမှုရေးကိစ္စများတွင်  ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပါရှိသော်လည်း နယ်မြေကိုမူ ဂရုစိုက်ရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့လည်း ပူးပေါင်းဆောင်ရွက်နေတာပဲ။ KNUကိုလည်း သွားပြီး ကူနေတာပဲ။ အစိုးရအဖွဲ့ကလည်း NRPCဘက်မှာ ညှိနှိုင်းရေးအဖွဲ့တွေ ဖွဲ့ပြီးလုပ်ဆောင်နေတာပဲ။ ဆောင်ရွက် နေတဲ့အခါမှာ နယ်မြေကိုတော့ ကျွန်တော်တို့ ဂရုစိုက်ရမယ်လေ။ ဒီကိုဗစ်၁၉ကိုအကြောင်းပြပြီး မြို့နားလေးထိ တက်ပြီးလုပ်တာဟာ အဓိပ္ပာယ်မဲ့တာဖြစ်ပါတယ်။ ဒါတွေကတော့ တစ်ယောက်နဲ့တစ်ယောက် စည်းစောင့်ရမယ်လို့ပြောချင်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် ညောင်လေးပင်ခရိုင်တွင် COVID-19 ကာကွယ် ရေးဂိတ် ၁၄ခုရှိ ကြောင်း သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...