သဇင်မြိုင် နယ်ခြားစောင့်ရဲကင်းစခန်းကို AA ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မိသားစုဝင် ၃ ဦးပျောက်ဆုံးနေ

သဇင်မြိုင် နယ်ခြားစောင့်ရဲကင်းစခန်းကို AA ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မိသားစုဝင် ၃ ဦးပျောက်ဆုံးနေ

ကျော်မျိုးအောင် — ရသေ့တောင်မြို့နယ်အတွင်းရှိ သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းအား မေလ ၂၉ ရက် နံနက် ၂ နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA)၏ တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံး လျက်ရှိနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယနေ့နံနက် ၂ နာရီခန့်တွင် AA အင်အား ၁၀၀ ခန့်သည် သဇင်မြိုင်ရဲကင်းစခန်းရှိ ပင်မစခန်းနေရာအား စခန်း၏ အနောက်မြောက်ဘက်မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။

နံနက် ၅ နာရီခန့်တွင် အင်အားချင်းမမျှသဖြင့် ပင်မစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့မှာ ကာကင်းကုန်းစခန်းသို့ သွားရောက်ပူးပေါင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

“မနက် ၂ နာရီ ၁၅ မိနစ်လောက်မှာ လက်နက်ကြီးလက်နက်ငယ် အသံတွေဆူညံပြီးထွက်လာတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ပစ်ကြတာ မနက် ၅ နာရီကျော်မှ အသံတွေတိတ်သွားတယ်။

မိုးလင်းလို့ကြည့်လိုက်တဲ့ အခါ သချိုင်းနားကနယ်ခြားစောင်းစခန်းတစ်ခုလုံးမီးလောင်ပြီး လူနေအိမ်တစ်လုံးပါ မီးလောင်သွားတယ်” ဟု အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက DMG သို့ ပြောသည်။

သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းသည် ကျေးရွာ၏ သင်္ချိုင်းအနီးတွင် တည်ရှိသည်။ သဇင်မြိုင်ကျေးရွာတွင် အိမ်ခြေ ၅၀ ခန့်ရှိပြီး ကင်းစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက နယ်ခြားစောင့်ရဲကင်းစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ မှန်ကန်ပြီး အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း DMG သို့ ပြောသည်။

“ဖြစ်စဉ်ကတော့မှန်ပါတယ်။ အသေးစိတ် အချက်အလက်တော့မရသေးဘူးဗျ။ ခရီးကဝေးလို့ပါ။ တိုက်တာ ကတော့ အေအေအဖွဲ့ဖြစ်မှာပေါ့၊ အဲ့ဒီဖက်မှာ အေအေပဲရှိတာကို” ဟု ၎င်းကဆိုသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောက်တောင် နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်တော်(AA)၏ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲကင်းစခန်းကို AA က ဝင်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။

ဧပြီလ ၁၀ ရက်နေ့တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်နှင့် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းတို့အား AA မှ တိုက်ခိုက်မှုများရှိခဲ့သည်။

ယင်းသို့တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ နယ်ခြားစောင့်ရဲ့ကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းမှာ မြန်မာ့တပ်မတော်က နေရာယူထားမှု ကြောင့်ဟု AA က တုန့်ပြန်ခဲ့ပြီး ယခုသဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းအား တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ AA မှ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပုံစာ - ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်က မြင်တွေ့ရသည့် ရဲကင်းစခန်းတစ်ခု (ဓာတ်ပုံ - MOI)

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...