မျှစ်သွားချိုးရာမှ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရသည့် လင်မယားနှစ်ဦး စွဲချက်မတင်မီလွတ်မြောက်

မျှစ်သွားချိုးရာမှ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရသည့် လင်မယားနှစ်ဦး စွဲချက်မတင်မီလွတ်မြောက်

ချလူးအောင် — ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် လင်မယားနှစ်ဦးကို မေ ၂၈ ရက်နေ့တွင် တရားရုံးက စွဲချက်မတင်မီလွှတ်ပေးလိုက်ကြောင်းသိရသည်။

မောင်ညီဌေး (၁၉)နှစ်နှင့် မစန္ဒာဝင်း (၁၇)နှစ်တို့နှစ်ဦးကို တရားစွဲတင်နိုင်သည့် သက်သေအထောက်အထား မပြည့်စုံသဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း မောင်တောမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးအား အလယ်သံကျော်နယ်မြေရဲစခန်းတွင် ဝန်ခံကတိထိုးခဲ့ရကြောင်း စမန္ဒာဝင်း၏ ဦးလေးဖြစ်သူ အောင်ဗလကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအေးကျော်က DMG သို့ ပြောသည်။

“အလယ်သံကျော်နယ်မြေစခန်းမှာ နောက်နောင်ဓားတွေကိုင်ပြီး မျှစ်သွားမချိုးဖို့ ကတိခံဝန်လက်မှတ် ထိုးခဲ့ရတယ်။ နောက်တစ်ခါ ဓားတွေကိုင်ပြီး မျှစ်ချိုးတာတွေ့ရင် အမှုဖွင့်မယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ (၃၀)ရက်နေ့က ဥဒေါင်းကျေးရွာ ရဲကင်းစခန်းအလွန်တွင် ကွမ်းယာဆိုင်ရောင်းချနေသည့် ဥဒေါင်းကျေးရွာသား ဦးအောင်ထွန်းသိန်းမှာ ဆိုင်အနောက်ဘက်ရှိ ဝါးရုံတောသို့ မျှစ်ချိုးရန်သွားစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ ရင်ဘတ်ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

ယင်းသေဆုံးမှုကို မောင်တော-အငူမော်သွားကားလမ်းပေါ်ရှိ ဥဒေါင်းတံတားသို့ လာရောက်မိုင်းထောင်သည့် AA အမာခံတစ်ဦးသည် မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည်ဟု ဧပြီလ (၃၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့် မလှမ်းမကမ်းတွင်ရှိနေသည့် မောင်ညီဌေးနှင့် မစန္ဒာဝင်းတို့ လင်မယားနှစ်ဦးကို သံသယဖြင့်ဖမ်းဆီးခဲ့ပြီး အလယ်သံကျော်နယ်မြေရဲစခန်းတွင် (ပ)၅/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ (ဈ)တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့လင်မယားနှစ်ဦးကို ပြင်ဖြူနယ်မြေရဲစခန်းသို့ လွှဲပြောင်းစစ်ဆေးခဲ့ပြီး မောင်တောမြို့နယ် တရားရုံး၌ မေလ(၄)ရက်နေ့တွင် ချုပ်ရမန်တစ်ကြိမ်နှင့် မေလ (၁၄)ရက်နေ့တွင် ချုပ်ရမန်တစ်ကြိမ်ယူခဲ့သည်။

မစန္ဒာဝင်းမှာ အသက်မပြည့်သေးသည့်အတွက် ကလေးသူငယ်ဥပဒေဖြင့် အာမခံရခဲ့ကာ ယနေ့တွင် ကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့သည်။

အဆိုပါလင်မယားနှစ်ဦးမှာ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာမှဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် ဟင်းရှာသွားစဉ် ပေါက်ကွဲမှုဖြစ်ပွားမှုနှင့်မသင်္ကာ၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...