မြေပုံတွင် ဒေသခံတစ်ဦး မိုင်းထိသေဆုံး

မြေပုံတွင် ဒေသခံတစ်ဦး မိုင်းထိသေဆုံး

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယိုးဆနွင်းအုပ်စု သောင်ပြင်ကျေးရွာမှ ဒေသခံတစ်ဦးသည် ယနေ့(မေလ ၂၈ရက်) နံနက် ၁၁ နာရီကျော်အချိန်က မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည်ဟု မိသားစုဝင်များထံမှ သိရသည်။

သောင်ပြင်ကျေးရွာမှ ကိုထွန်းမြင့်ဆန်း ၂၃ နှစ်သည် အဖော်ဖြစ်သူ ဦးထိန်လင်းနှင့်အတူ ၎င်း၏ကျေးရွာမှ ၆ မိုင်ကျော်ကွာဝေးသော စေတီတောင်သို့ ဝါးခုတ်သွားရာ၌ လမ်းခုလတ်တွင် မိုင်းပေါက်ကွဲကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ ဦးအောင်မြင့်သိန်းက ပြောသည်။

“ထိန်လင်းဆိုတဲ့တစ်ယောက်နဲ့ တူတူသွားတာ၊ တစ်ယောက်နဲ့ တစ်ယောက်က ၆ ပေအကွာလောက်က သွားကြတာ။ အဲမှာ ပေါက်ကွဲမှုဖြစ်တာပါ။ ခြေနှစ်ချောင်းလုံးပြတ်သွားတာကြောင့် သွေးထွက်လွန်ပြီး သေသွားတာ။ ရွာကိုလည်း အချိန်မီမရောက်နိုင်လိုက်ဘူး” ဟု ၎င်းကဆိုသည်။

ယခုမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာမှာ စေတီတောင်သို့မရောက်မီ ၂ ဖာလုံခန့်အကွာတွင်ဖြစ်ပြီး အဆိုပါ လမ်းမှာ လူသွားလူလာများသည့် လမ်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် ဦးထွန်းမြင့်ဆန်းမှာ တောင်တက်ပြီး ထင်းရှာ၊ ဝါးခုတ်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ကာ ၎င်းတွင် ဇနီးဖြစ်သူနှင့် သမီးနှစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။

“သေဆုံးသွားတဲ့သူမှာတော့ သေသွားပြီ။ ကျန်ရစ်ခဲ့တဲ့လူက ဘယ်လိုဖြတ်သန်းရမှာလည်း မသိတော့ဘူး။ သူ့ရဲ့ကံတရားက အဲလိုမျိုးဖြစ်ဖို့ပါတာကြောင့် အခုလိုဖြစ်သွားတာနေမှာပါ။ ကလေးနှစ်ယောက်ကလည်း တခုမှနားမလည်ကြသေးဘူး။ သူ့ဇနီးအတွက် ရင်လေးတယ်” ဟု ဦးအောင်မြင့်သိန်းက ပြောသည်။

သေဆုံးသွားသူ ဦးထွန်းမြင့်ဆန်းမှာ ချင်းလူမျိုးတစ်ဦးဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယနေ့ညနေတွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် စစ်ကျန် လက်နက်များနှင့် မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့်လည်း အရပ်သားများထိခိုက်သေဆုံးမှုမှာ တိုးလာနေသည်။

ယခင်ကမြေမြုပ်မိုင်းများကို လူနေကျေးရွာများနှင့်အလှမ်းဝေသည့် တောတောင်များတွင်သာ တွေ့ရ သော်လည်း ယခုနောက်ပိုင်းတွင် ကျေးရွာအနီးအနားများတွင်ပါ တွေ့လာရသဖြင့် အရပ်သားထိခိုက်သေဆုံးမှု များပြားလာနေရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ဆိုသည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...