ရခိုင်မှသတင်းထောက်များ သတင်းရယူရာတွင် အကျပ်အတည်းဖြစ်လာ

ရခိုင်မှသတင်းထောက်များ သတင်းရယူရာတွင် အကျပ်အတည်းဖြစ်လာ

အောင်ထိန် — တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ဒေသအခြေစိုက်သတင်း မီဒီယာများမှ သတင်းထောက်များအပါအဝင် ပြည်တွင်း၊ ပြည်ပမီဒီယာတို့တွင် လုပ်ကိုင်နေသော သတင်းထောက်များပါ သတင်းရယူရေးတွင် အခက်အခဲရှိလာနေသည်။

အထူးသဖြင့် တိုက်ပွဲဧရိယာဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သတင်းများရေးသားသည့်အခါတွင် အစိုးရ အဖွဲ့အပါအဝင် ဌာနဆိုင်ရာများမှ ဖြေကြားမှုမရှိသည့်အတွက်ကြောင့် ဒေသအခြေစိုက် သတင်းမီဒီယာများသည် သတင်းရယူရေးအပိုင်းတွင် ပိုမိုအခက်အခဲရှိနေကြသည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီယာတစ်ခုဖြစ်သည့် နိရဉ္စာသတင်းဌာမှ အစိုးရအဖွဲ့အစည်းများကို သတင်း ကိစ္စဆက်သွယ်မေးမြန်းရာတွင် ဖြေကြားရန်ငြင်းဆန်မှုများ ရှိနေသည်ဟု နိရဉ္စရာသတင်းဌာန၏ သတင်းထောက်တစ်ဦးက ပြောသည်။

နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် အမှုဖွင့်လှစ်ထားသည်ကို အကြောင်းပြပြီး ဖြေကြားရန် ငြင်းဆန်ကြခြင်းဖြစ်သည်။

“ကျနော်တို့သတင်းဌာနက အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုနဲ့ တရားစွဲထားတယ်ဆိုတော့ အစိုးရအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့အခါ အခက်အခဲတွေရှိတယ်။ သူတို့က နိရဉ္စရာဆိုရင် အကြမ်းဖက်နဲ့ တရားစွဲထားတယ်ဆိုပြီး မဖြေကြတော့ဘူး။ ဒီအခြေအနေတွေမှာ ကျနော်တို့ သတင်းသမားတွေအနေနဲ့ သတင်းရယူဖို့က တော်တော်လေးအခက်အခဲဖြစ်တယ်” ဟု နိရဉ္စရာသတင်းဌာန သတင်းထောက် ကိုနီမင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်းက နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်လှစ်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းထောက်သုံးဦးကို စစ်တွေမြို့ အမှတ်(၁) ရဲစစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့သည်။

ယခုကဲ့သို့ အယ်ဒီတာချုပ် အမှုဖွင့်ခံရသည့် ကိစ္စနှင့်ဆက်စပ်ပြီး အစိုးရအဖွဲ့အစည်းများမှ အင်တာဗျုး ဖြေကြားရန် ငြင်းဆန်ခြင်းကို ခံရသည်မှာ နိရဉ္စရာသတင်းဌာနတစ်တည်းမဟုတ်ဘဲ ရခိုင်ပြည်နယ်အခြေစိုက် နောက်ထပ်မီဒီယာတစ်ခုဖြစ်သည့် Development Media Group(DMG) သတင်းဌာနလည်း ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလအတွင်းက DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးနှင့် တာဝန်ရှိသူ များဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၂)နှင့် သတင်းတပ်ဖွဲ့(SB)မှ အမှုဖွင့်လှစ်ခဲ့သည်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မနှင့် အမှုဖွင့်ခံရပြီးနောက်တွင် အယ်ဒီတာချုပ် ဦးအောင်မင်းဦး တိမ်းရှောင်နေရသည်မှာ တစ်နှစ်တိတိပြည့်ခဲ့ပြီဖြစ်သည်။ ယင်းသို့ အမှုကိစ္စဖြစ်ပွားချိန်မှစ၍ DMG သတင်းထောက်များ၏ သတင်းကိစ္စဆက်သွယ်မေးမြန်းမှုတို့ကို အစိုးရအဖွဲ့အစည်များမှ ဖြေကြားရန် ငြင်းဆိုမှုများ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်သည်။

“ကျနော်တို့ကို တရားစွဲဆိုပြီးနောက်ပိုင်းမှာ ကျနော်တို့က အစိုးရဌာနတွေကို လုံးဝအင်တာဗျူးလို့မရဘူး။ တစ်ခုခု သတင်းအကြောင်းအရာနဲ့ပတ်သက်ပြီး အတည်ပြုချက် ယူလို့မရဘူးပေါ့။ အတည်ပြုချက်ယူလို့မရတော့ ကျနော် တို့မှာ တစ်ဖက်တည်းအသံနဲ့ပြောလို့မရဘူး။ တချို့သတင်းတွေကျတော့ ကျနော်တို့မှာ မြေပြင်အနေအထားက ရထားတဲ့ သတင်းရင်းမြစ်တွေကောင်းတယ်။ ဒါပေမဲ့ အဲဒီသတင်းတွေက တဖက်သတ်ဖြစ်နေတော့ ကျနော်တို့မှာ သုံးလို့မရဘူး။ အဲလိုမျိုးတွေဆိုတော့ ကျနော်တို့မှာ ငွေရေးကြေးရေး အကုန်ကျခံထားတာတွေ၊ အပင်ပန်းခံထား တာတွေက ဆုံးရှုံးမှုတွေ အများကြီးရှိတယ်” ဟု DMG ၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ဆိုသည်။

ယခုကဲ့သို့ ရခိုင်မှသတင်းထောက်များ သတင်းရယူရာတွင် အစိုးရအဖွဲ့အစည်းများမှ ဖြေကြားရန်ငြင်းဆန်သည့် အပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ဦးမြင့်ကျော်က ယခုကဲ့သို့ရှုမြင်သည်။

“ကျနော်မြင်တာကတော့ ဒါကသတင်းမီဒီယာတွေက ရေးတဲ့ဟာကိုသူတို့ကမကြိုက်ဘူး။ သူတို့ရဲ့လိုလားတဲ့ လမ်းကြောင်းမျိုးက ရေးပေးတာမျိုးမဟုတ်ဘူး၊ အဲလိုပေါ့။ တစ်ခါတလေမှာ သူတို့ရဲ့အကျိူးစီးပွားနဲ့ဆန့်ကျင်ပြီး ဖော်ပြရတာတွေရှိမယ်။ အဲတာတွေကို သူတို့မှတ်သားထားပြီးတော့ သူတို့အတွက် အသုံးမတည့်ဘူးဆိုတဲ့ သဘောမျိုးနဲ့ သူတို့က သတင်းမပေးဘူးပေါ့”ဟု ၎င်းကဆိုသည်။

ဆက်လက်၍ ဦးမြင့်ကျော်က “တစ်ဖက်မှာ နိုင်ငံပိုင်မီဒီယာတွေလိုမျိုးရှိမယ်။ ဒါမှမဟုတ် အဲဒီအဖွဲ့အစည်း ကိုယ်၌က မီဒီယာထောင်ထားတာတွေရှိမယ်။ အဲဒီနေရာကနေပြီးတော့ လွတ်လွတ်ရှင်းရှင်း ထုတ်ပြန်မယ့် သဘောပေါ့။ စိတ်ဆန္ဒရည်ရွယ်ထားတဲ့ သဘောမျိုးပေါ့။ ဒါက တကယ်တမ်းကျတော့ လွတ်လပ်တဲ့ သတင်း မီဒီယာတွေရဲ့ သဘောသဘာဝလည်း မဟုတ်ဘူး။ နောက်တစ်ခုက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို နားလည်တာ အဲလိုမျိုးလည်းမဟုတ်ဘူး။ လွတ်လပ်တဲ့ မီဒီယာလွတ်လပ်ခွင့်၊ သတင်းအချက်အလက် ရခွင့်တွေဟာမျိုးကိုလည်း လေးစားတာမျိုး မဟုတ်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါးအထိကြာမြင့် လာနေပြီး စစ်ဘေးဒဏ်ကိုခံစားနေရသူ သိန်းနှင့်ချီရှိနေပြီဖြစ်သကဲ့သို့ အရပ်သားထိခိုက်သေဆုံးမှုများလည်း တဖြည်းဖြည်းမြင့်တက်လာနေသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုနေသည့် မြို့နယ်များတွင်လည်း အစိုးရက အင်တာနက်လိုင်းဖြတ်တောက်ထားသည်မှာ တစ်နှစ်နီးပါးအထိ ကြာမြင့်လာနေပြီဖြစ်သည်။

လက်ရှိအခြေအနေမျိုးတွင် သတင်းထောက်များကိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်များနှင့် အရေးယူမှုများ ရှိလာခြင်းသည် ရခိုင်သတင်းထောက်များအတွက် စိန်ခေါ်မှုပိုဖြစ်စေသည်ဟု DVB သတင်းဌာန၏ ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက် ကိုဝဏ္ဏခွာညိုက ပြောသည်။

“လက်ရှိ ရခိုင်ပြည်နယ်မှာ အင်တာနက်တွေ ပိတ်ဆို့ထားတာတစ်ပိုင်းလည်း ပါတယ်။ နောက်ပြီးတော့ AA ကို အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့အပိုင်းတွေလည်း ဖြစ်ပေါ်လာတယ်ပေါ့။ ဆိုတော့ ဒီအပေါ်မှာ သတင်း သမားတွေအတွက်ကတော့ အရမ်းကို ရိုက်ခတ်မှုတွေဖြစ်လာတယ်။ စိန်ခေါ်မှုတွေ ပိုပြီးဖြစ်လာတာပေါ့”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် အစိုးရမှ ကြေငြာခဲ့ပြီးနောက်တွင် AA ကို ဆက်သွယ်သတင်းရေးသားသည့် မီဒီယာတချို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူမှုများ ရှိလာသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံရသည့်အထဲတွင် မန္တလေးအခြေစိုက် Voice Of Myanmar–VOM သတင်းဌာနမှ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနှင့် ရန်ကုန်ခေတ်သစ်မီဒီယာ၏ အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်တို့လည်း ပါဝင်သည်။

ပြီးခဲ့သည့် မတ်လအတွင်းတွင် သတင်းမှား၊ သတင်းတုများနှင့် ညစ်ညမ်းဗွီဒီယိုများကို ဖြန့်ဝေနေသည့် ဝက်ဘ်ဆိုက်တို့ကို ဆက်သွယ်ရေးဆင်းကဒ်အသုံးပြုပြီး ဝင်ရောက်ကြည့်ရှုခြင်းကို ကန့်သတ်ပေးရန် အစိုးရက ညွှန်ကြားခဲ့သည့်အထဲတွင် တရားဝင်မှတ်ပုံတင်ထားသည့် သတင်းမီဒီယာာတချို့၏ ဝက်ဆိုက်ဒ်များလည်း ပါဝင်သွားခဲ့သည်။

ယင်းကြောင့် DMG ၊ Narinjaria ၊ Khit Thit ၊ VOM စသည့် သတင်းဌာနများ၏ ဝက်ဆိုက်ဒ်စာမျက်နှာတို့မှာ ဆက်သွယ်ရေးဆင်းကဒ် အင်တာနက်လိုင်းများနှင့် လက်ရှိအချိန်ထိ ဝင်ရောက်ကြည့်ရှု၍မရဘဲ ဖြစ်နေသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် သတင်းမီဒီယာသတင်းများ ဖိနှိပ်ခြိမ်းခြောက်ခံနေရခြင်း၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် ချိုးဖောက်ခံနေရသည်များကို အမြန်ဆုံးရပ်တန့်ပေးရန် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပ သတင်းသမားများက တောင်းဆိုမှုများရှိနေသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...