Salai Khup Khup — မင်းတပ်မြို့တွင် NLD ပါတီရုံး တည်ဆောက်ပြီးစီးသော်လည်း အလုပ်သမားခ သိန်း ၅၀ ကို သုံးလကြာပြီဖြစ်သော်လည်း ယနေ့ချိန်ထိ မရရှိသေးကြောင်း အလုပ်သမားခေါင်းဆောင် ဦးဝင်းအောင်ထံမှသိရှိရသည်။
အလုပ်သမား ခေါင်းဆောင် ဦးဝင်းအောင်က “ရုံးဖွင့်ပြီးရင် ပေးမယ်လို့ပြောပြီး ရုံးဖွင့်ပြီးတော့လည်း ပေးမထားဘူး စောင့်ပေးဖို့ ထပ်ပြောတာ လူမှုရေးအရ စောင့်ပေးတာ ဒီနေ့နဲ့ဆိုရင် သုံးလရှိပြီ အလုပ်သမားတွေလည်း အများကြီးဆိုတော့ ကျွန်တော်ကလည်း ပိုက်ဆံလည်းမပေးနိုင် ကျတော်ကိုလည်း တိုင်နေကြပြီဆိုတော့ ဒုက္ခအရမ်းရောက်တယ် ။ကျွန်တော်ဖက်က အတတ်နိုင်ဆုံး စောင့်ပေးတာ (၃)လ ဆိုတဲ့အချိန်က နည်းတာမဟုတ်ဘူး အလုပ်သမားတွေနဲ့ ရုန်းကန်နေရတယ် အခုလို ရောဂါကာလမှာ စားရေးသောက်ရေးမှာ ပိုအခက်ခဲဖြစ်တယ်” ဟု ပြောသည်။
မင်းတပ်မြို့ရှိ NLD ပါတီရုံးကို ၄ ရက် ၊၁၂ လ၊ ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ၂ လပိုင်း ၂၄ ရက်နေ့တွင် တည်ဆောက်ပြီးစီး ခဲ့သော်လည်း အလုပ်သမားခ သိန်းငါးဆယ်ကျပ် ပေးရန် ရှိနေကြောင်းသိရသည်။
မင်းတပ် NLDပါတီရုံး တည်ဆောက်ရေးကော်မတီအတွင်းရေးမှူး ဦးထန်းလိန်းက “လုပ်အားခက ၂၀၁၉-၂၀၂၀ ခုနှစ်က စျေးနှုန်းနဲ့ အနီးစပ်ဆုံး ချိန်ကြည့်ရင်လည်း အလုပ်သမားတွေဖက်က တောင်းဆိုတာ များနေတာတွေရှိတယ် ဒေသပေါက်စျေး နဲ့ဆိုရင်လည်း များတဲ့ဟာတွေရှိတယ် စျေးနှုန်းနဲ့ ပက်သက်ပြီး စာရင်း ပြင်စရာတွေ အများကြီးရှိသေးတယ်”ဟု ပြောသည်။
NLD ရုံးတည်ဆောက်ရန် ကုန်ကျမည့် ငွေကြေးများ အားလုံးကို မင်းတပ်မြို့ရှိ တာဝန်ရှိသူများထံ ပြည်နယ်လွှတ်တော် ဥက္ကဌမှ လွှဲပေးလိုက်ပြီဟု သိရှိရသော်လည်း ပါတီရုံးတည်ဆောက်ရန် ဦးဆောင်သူများမှှ အလုပ်သမားခပေးချေခြင်း မရှိသေးကြောင်းသိရသည်။
မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်က “ဟိုပါတီ ဒီပါတီဆိုတာ ခဏထားလိုက် အလုပ်သမားက အလုပ်လုပ်ပေးပြီးသွားရင် အလုပ်ရှင်က ပေးချေရမဲ့ တာဝန်ကျေပွန်ဖို့လိုတယ် အလုပ်သမားဖက်က နားလည်မှုထားပေးပြီးမှ သုံးလအထိ စောင့်ပေးတာ တောင်မှ ဘယ်နေ့ရှင်းပေးပါမယ်ဆိုတာကို ကောင်းကောင်းမွန်မွန် ညှိနှိုင်းဆွေးနွေးပေးတာတို့ လုပ်ပေးသင့်တယ်”ဟုဆိုသည်။
မင်းတပ်မြို့ရှိ ဒေသခံများအနေဖြင့် ရေစမ်းဦးနေရာတွင် တည်ဆောက်ထားသည့် NLD ပါတီရုံးကို တခြားနေရာတွင် တည်ဆောက်ရန် တောင်းဆိုခဲ့သော်လည်း ၎င်းနေရာတွင်သာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။







