လာမည့်မိုးရာသီတွင် စစ်ဘေးရှောင်များနေထိုင်ရေး အခက်အခဲရှိလာနိုင်

လာမည့်မိုးရာသီတွင် စစ်ဘေးရှောင်များနေထိုင်ရေး အခက်အခဲရှိလာနိုင်

မင်းထွန်း — ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေမှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ ဧပြီလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဒုက္ခသည်များမှာ စာသင်ကျောင်းနှင့်၊ ဘုန်းကြီးကျောင်းများအပါအဝင် ဒုက္ခသည်စခန်း ၁၅၀ ကျော်မှာ ခိုလှုံနေကြခြင်းဖြစ်ပြီး မိမိတို့၏ ဆွေမျိူးများနှင့် နီးစပ်ရာနေအိမ်များတွင် ခိုလှုံနေကြရခြင်းဖြစ်သည်။

၎င်းစစ်ဘေးရှောင်များမှာ ယခင်နှစ်က တည်ဆောက်ထားသည့် တဲတန်းလျားများ ပျက်စီးယိုးယွင်းမှု ရှိလာခြင်း ကြောင့် ပြန်လည်ပြုပြင်နိုင်ရန်အတွက် ငွေကြေးအခက်အခဲ ရှိနေကြသည်။

တဲတန်းလျားများ ပျက်စီးယိုးယွင်းမှု ရှိနေသည့်အတွက် လာမည့်မိုးရွာသီကာလမှာ စစ်ဘေးရှောင်ပြည်သူများ၏ နေထိုင်ရေးအတွက် ပိုမိုကျပ်တည်းလာနိုင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောသည်။

“ဒီနှစ် မိုးရာသီကာလမှာကတော့ မနှစ်ကထက်ပိုပြီးတော့မှ စစ်ဘေးရှောင်စခန်းတွေမှာ နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီး ပိုပြီးတော့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မနှစ်ကရှိခဲ့တဲ့ အဆောက်အအုံတွေကလည်း ပျက်စီးမှုတွေရှိတယ်။ အခုလက်ရှိအခြေနေအရ အရင်နှစ်က ဆောက်လုပ်ထားတဲ့ မပျက်စီးဘဲ ကျန်နေတဲ့ အဆောက်အအံတွေမှာပဲ ပြင်ဆင်ပြီးတော့ ဖြစ်သလိုနေထိုင်ရမယ့် အခြေအနေတွေမှာ ရှိနေပါတယ်” ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်များမှာ မကြာမီအချိန်ကာလတွင် ကျရောက်လာမည့် မိုးရာသီအတွက် ကြိုတင်ပြင်ဆင်ထားမှုများ မရှိသေးသောကြောင့် စိုးရိမ်းနေရသည်ဟု စခန်းတာဝန်ခံများကဆိုသည်။

မြေပုံမြို့ပေါ်က စစ်ဘေးရှောင်စခန်းအများစုမှာ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်များတွင် ခိုလှုံနေကြခြင်းဖြစ်ပြီး မကြာမီတွင် ကျောင်ဖွင့်ရာသီနှင့် မိုးရွာသွန်းမှုများကြုံလာမည်ဆိုလျှင် စစ်ဘေးရှောင်ဒုက္ခ သည်များအတွက် နေထိုင်စရာ အခက်အခဲဖြစ်လာမည်ကို စိုးရိမ်းမှုရှိနေသည်ဟု ဦးအောင်မြင့်သိန်းက ပြောသည်။

“ကျနော်တို့ နေရာမှာကတော့ စခန်းဆောက်လုပ်ဖို့အတွက် မြေနေရာတွေကလည်း မရှိဘူးဗျာ။ သူတို့အတွက် ဆောက်လုပ်ပေးမည့် ငွေရေးကြေးဆိုတာကလည်း မရှိဘူး။ အဲဒါကြောင့် အခက်အခဲရှိတာပေါ့။ အခု လောလောဆယ်ကတော့ နွေရာသီဆိုတော့ သိပ်အကြောင်းမဟုတ်ဘူးဆိုပေမယ့် မိုးရာသီဆိုတော့ သူတို့ရဲ့ နေဖို့ထိုင်ဖို့အတွက် အခက်အခဲကတော့ အများကြီးပေါ့ဗျာ” ဟု ဦးအောင်မြင့်သိန်းက ပြောသည်။

စစ်တွေမြို့ပေါ်သို့စစ်ဘေးတိမ်းရှောင်လာသော အမျိုးသမီး တစ်ဦးက လက်ရှိ ၎င်းတို့နေထိုင်ရခြင်းမှာ ကော်ဇောများကိုသာ အမိုးအကာလုပ်ပြီးနေထိုင်နေရခြင်းဖြစ်သည့် အတွက် မိုးရာသီမှာ လေနှင့်မိုးတိုက်ခတ်လာလျှင် နေထိုင်ရေးအတွက် ဒုက္ခရောက်သွားနိုင်သည်ဟု ကျောက်တော်မြို့နယ်တင်းမကျေးရွာမှ စစ်ရှောင်လာသူ ဒေါ်လှယဉ်ဖြူကဆိုသည်။

“မိုးရာသီမှာကျတော့ လေနဲ့မိုးနဲ့ဆိုရင် အများကြီး အခက်အခဲတွေရှိတယ်။ လုံခြုံမှုက မရှိဘူး။ အဆောက် အအုံ တွေလိုချင်တယ်။ အခုလို ကော်ဇောတွေနဲ့မဟုတ်ဘဲ သံဖြူနဲ့ဖြစ်ဖြစ် ခိုင်ခိုင်ခန့်ခန့်နဲ့ အဆင်ပြေတဲ့အရာတွေ လိုချင်တယ်။ အခုက မိုးမရွာပဲလေတိုက်တာနဲ့တင် အမိုးအကာလုပ်ထားတဲ့ ကော်ဇောတွေက လွင့်စဉ်ကုန်တယ်။ ကလေးတွေ တက်ပြီးပြန်ပြုပြင်နေရတယ်။ အဲဒီလို လုပ်နေရတယ်”ဟု ၎င်းကပြောသည်။

ဒေါ်လှယဉ်ဖြူခိုလှုံနေသော စစ်တွေမြို့ပေါ်က ရွှေပါရမီဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် ၉၀ ရှိပြီး နေထိုင်ရေးနှင့်စားဝတ်နေရေးအတွက် အခက်အခဲရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးအဖွဲ့က စစ်ဘေးရှောင်စခန်းများဆောက်လုပ်ရာတွင် အစိုးရခွင့်ပြုချက်မရှိဘဲမဆောက်လုပ် ကြရန် ညွှန်ကြားစာထုတ်ပြန်ထားပြီး ယခုကဲ့သို့ ညွှန့်ကြားခြင်းမှာ စစ်ဘေးရှောင်စခန်းများ ပြန့်ကျဲမနေစေရန်နှင့် စစ်ဘေးရှောင်များ၏ လုံခြုံရေးအတွက်ဖြစ်ကြောင်း ပြောဆိုထားသည်။

လွန်ခဲ့သော ဧပြီလ ၃၀ ရက်နေ့ကလည်း လွှတ်တော်ကိုယ်စားလှယ်များဦးဆောင်ပြီး ဆောက်လုပ်ခဲ့သော ရသေ့တောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းတစ်ခုကို အစိုးရ၏ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခဲ့သဖြင့် တားဆီးမှုများ ရှိခဲ့သည်။

ပြည်နယ်အစိုးရအနေနှင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၆ မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၇ ခုကို တည် ဆောက်ထားခြင်းများရှိပြီး လိုအပ်ပါကလည်း ထပ်မံတည်ဆောက်ပေးနိုင်ရန် စီမံထားသည်ဟုဆိုသည်။

လက်ရှိအချိန်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများအထဲမှ ၁၀ ရာခိုင်နှုန်းလောက်သာ ပြည်နယ်အစိုးရအဖွဲ့မှ ဆောက်လုပ်ပေးထားသည့် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိသည်ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။

“အနည်းအကျဉ်းတော့ ရှိလာပါတယ်။ ဘာကြောင့်ရှိလာလဲဆိုတော့ ဒီကိုCOVID 19 နဲ့ ပတ်သက်တဲ့ ကာကွယ် မှုတွေ ရှိလာတဲ့အခါမှာ လူတွေက တစ်နေရာတည်းမှာ အစုလိုက်အပြုံလိုက် အိပ်ရတယ်ဆိုတာထက် တတ်နိုင် သမျှပြန့်ကျဲတဲ့နေရာတွေမှာ နေထိုင်ဖို့အတွက် ကြိုးစားလာကြတာ ဖြစ်ပါတယ်။ အဲဒီလို ပြန်ကျဲနေထိုင်ဖို့အတွက် ကြိုးစားလာတဲ့အခါမှာ ရှိနေပြီးသား အဆောက်အအုံတွေကို သုံးဖို့လိုအပ်လာတာပေါ့နော်။ တချို့က အစိုးရ စီမံစခန်းတွေကို မလွဲသာမရှောင်သာ နေထိုင်ရတာတွေရှိတယ်”ဟု ၎င်းကဆက်ပြောသည်။

ပြည်နယ်အစိုးရကဆောက်လုပ်ပေးထားသော စစ်ဘေးရှောင်စခန်းများသည် နေရပ်နှင့်အလှမ်းဝေးကွာပြီး စစ်ဘေးရှောင်များအတွက် လုပ်ကိုင်စားသောက်ရန် အဆင်မပြေသဖြင့် စစ်ရှောင်များအနေနှင့် ၎င်းစခန်း များတွင် နေထိုင်ရန်အတွက် ငြင်းဆိုနေခြင်းဖြစ်သည်ဟု သိရသည်။

အစိုးရက ဆောက်လုပ်ပေးထားသော စစ်ဘေးရှောင်စခန်းများမှာ ဒုက္ခသည်များ နေထိုင်ရန်အတွက် အခက်အခဲဖြစ်နေကာ ပြင်ပအလှူရှင်များ၏ အကူအညီနှင့် ဆောက်လုပ်ထားသော စစ်ဘေးရှောင်စခန်းများမှာလည်း ပျက်စီးနေပြီး ပြန်လည်ပြုပြင်မွမ်းမံ့ရန်အတွက် အခက်အခဲရှိသောကြောင့် လာမည့်မိုးရာသီကာလမှာလည်း ဒုက္ခသည်များနေထိုင်ရန်အတွက် အခက်အခဲရှိကြောင်း စခန်းတာဝန်ခံများက ပြောဆိုကြသည်။

တစ်ဖက်မှာလည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားနေသောတိုက်ပွဲများမှာ ၂ နှစ်ခန့်ကြာသည့် တိုင်အောင် ဆက်လက် အရှိန်အဟုန်ပြင်းထန်နေသည့်အတွက် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရန်အတွက်လည်း အခက်အခဲရှိနေကြသည်။

ဓာတ်ပုံ - ပြီးခဲ့သည့် မိုးရာသီက ရေနှစ်မြုပ်သဖြင့် ဒုတိယအကြိမ် ပြောင်းရွှေ့ခဲ့ရသည့် မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်း ဆောက်လုပ်နေမှုအား တွေ့ရစဉ်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...