ရန်ကုန်ရှိ မြို့နယ်အချို့တွင် နှာခေါင်းစည်းMask မတပ်သူများအား ဖမ်းဆီးအရေးယူ

ရန်ကုန်ရှိ မြို့နယ်အချို့တွင် နှာခေါင်းစည်းMask မတပ်သူများအား ဖမ်းဆီးအရေးယူ
လှိုင်သာယာမြို့နယ်တွင် Mask မတပ်သူများကို ဖမ်းဆီးအရေးယူနေစဉ်။
လှိုင်သာယာမြို့နယ်တွင် Mask မတပ်သူများကို ဖမ်းဆီးအရေးယူနေစဉ်။

ရန်ကုန်တိုင်းအစိုးရက နေအိမ် အပြင်သို့သွားလာရာတွင် နှာခေါင်းစည်း mask မတပ်ထားသူများကို အရေးယူမယ်လို့  ကြေညာထုတ်ပြန်ပြီး မေလ ၁၃ရက်နေ့က စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့တွင် mask မတပ်သူတွေကို ဒဏ်ရိုက် အရေးယူမှုများ စတင်ပြုလုပ်ခဲ့သည်။

 

မေလ ၁၃ရက်နေ့မှာတော့ ပုဇွန်တောင်မြို့နယ်မှာ နှာခေါင်းစည်း mask မတပ်သူ ၁၃ဦးကို စတင်ဖမ်းဆီးအရေးယူခဲ့ပြီး မေလ ၁၄ရက်နေ့မှာတော့ လှိုင်သာယာမြို့နယ်က ဈေး၁၅ခုမှာ mask မတပ်ဆင်သူ ၅ဝဦး၊ ရန်ကင်းမြို့နယ်မှာ ကိုးဦး အားအရေးယူခဲ့ကြောင်းသိရသည်။

 

နောက်ထပ်အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ရန်ကုန်မြို့အတွင်းရှိ လူစည်ကားသောနေရာများနှင့်ရပ်ကွက်များတွင် နေ့စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ  ဦးမြင့်မြတ်သူကဆိုသည်။

 

၎င်းက“ကျွန်တော်တွေက ပညာပေးပြီးသား ညွှန်ကြားစာရပြီးတည်းက စလုပ်တာ အကုန်လုံး ပုဇွန်တောင်လာရင် mask တပ်ရမယ် ဒီအသိစိတ်လေး ထည့်ပေးတာပေါ့ ဒဏ်ကြေးဆိုတာထက် ဒါလည်း ပညာပေးတာပဲ”ဟု ပြောသည်။

ဖမ်းဆီးအရေးယူခံရသူများအနေဖြင့် မြို့နယ်တရားရုံးမှာ ဒဏ်ကြေးငွေ ၅ဝဝဝကျပ် ပေးဆောင်ရမှာ ဖြစ်ပြီး အရေးယူခံရပြီးသူတွေ Mask မတပ်တာကို နောက်တစ်ကြိမ် စစ်ဆေးတွေရှိတဲ့အခါ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ ငွေဒဏ်ဖြစ်စေ ထောင်ဒဏ် ခြောက်လ အထိ ဖြစ်စေ ချမှတ်နိုင်ကြောင်းသိရသည်။

 ဖမ်းဆီးအရေးယူမှုတွေ မပြုလုပ်ခင် လှိုင်သာယာမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကျောက်တံတားမြို့နယ်နှင့် မြို့နယ်အချို့မှာ ပြည်သူတွေ အပြင်ထွက်တဲ့အခါ Mask တပ်ဆင်ဖို့ အသိပညာပေးတဲ့အနေဖြင့် Mask ဝေတဲ့ ကမ်ပိန်းများအား ပြုလုပ်ခဲ့ကြသည်။

 ဗိုလ်တထောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက “အပြင်ထွက်ရင် ဖိနပ်စီးရမယ်ဆိုတာ အားလုံးသိတယ် ဒီလိုအသိကနေ အပြင်ထွက်ရင် mask တပ်ရတယ်ဆိုတာမျိုး ဖြစ်အောင် ပညာပေးရမယ် နောက်တဆင့်အနေနဲ့ မတပ်ရင် မှတ်တမ်းယူထားပြီး နောက်တစ်ကြိမ်ဆို ဒဏ်ကြေးရိုက်တာမျိုး တစ်ဆင့်ချင်း တစ်ဆင့်ချင်းတော့ ဖြစ်သင့်ပါတယ်”ဟု ဆိုသည်။

 

ဒီလို ဖမ်းဆီးအရေးယူခံရတာနဲ့ ပတ်သတ်ပြီး လူူတချို့ဟာ နှာခေါင်းစည်း mask တပ်ဖို့ အမိန်ထုတ်ပြန်တာကို မသိတာကြောင့် ဖမ်းဆီးခံခဲ့ရပြီး အပြင်သွားလာရာမှာ Mask တပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလှုံ့ဆော်ပြီးမှသာ ဖမ်းဆီးအရေးယူသင့်ကြောင်းကိုလည်း ပြည်သူတွေအကြားမှာလည်း ဝေဖန်မှုများရှိနေသည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...