ရန်ကုန်ရှိမြို့နယ် ၁၀ခုကိုSemi Lock down ကာလ ရက်အကန့်အသတ်မရှိတိုးမြှင့်

ရန်ကုန်ရှိမြို့နယ် ၁၀ခုကိုSemi Lock down ကာလ ရက်အကန့်အသတ်မရှိတိုးမြှင့်

COVID-19 ရောဂါပိုးတွေ့ရှိသူဦးရေများပြားသည့် မြို့နယ်များအပါအဝင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၀ခုကို အသွားအလာကန့်သတ်သည့်(Semi Lockdown)ကာလကိုရက်အကန့်အသတ်မရှိတိုးမြှင့်လိုက်ကြောင်း COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များထံမှသိရသည်။

တောင်ဥက္ကလာပမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဥက္ကဋ္ဌဒေါက်တာစောနိုင်က “Stay Home က ထပ်ထားလိုက်တဲ့ သဘောပေါ့ အပြင်ထွက်တဲ့သူတွေကိုလည်း အတတ်နိုင်ဆုံးတော့ စိစစ်တဲ့သဘောဖြစ်သွားတာပေါ့နော် ထွက်တဲ့သူကနည်းသွားတာပေါ့ အလကားနေရင်းမထွက်ကြတော့ဘူး ထွက်မယ်ဆို တာဝန်ရှိသူတွေကမေးမယ်ဈေးဝယ်တာတို့ အရေးပေါ်တို့အရေးကြီးတဲ့ အကြောင်းကိစ္စတွေရှိမှ ထွက်ဖြစ်တယ်”ဟုဆိုသည်။

မြို့နယ်အလိုက်COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများက မေလ ၁၁ရက်နေ့ရက်စွဲဖြင့် ထိုတိုးမြှင့်သတ်မှတ်ချက်ကိုထုတ်ပြန်ခဲ့ကြသည်။ထိုထုတ်ပြန်ချက်တွင် အကျူံးဝင်သည့်  မြို့နယ် ၁၀ခုမှာ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဗိုလ်တထောင်မြို့နယ် တို့ဖြစ်သည်။

မလိုအပ်ဘဲနေအိမ်အပြင်မထွက်ရန်ညွှန်ကြားသည့်အမိန့်မှာ မေလ ၁၃ရက်နေ့တွင် စတင်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရမှနောက်ထပ် အမိန့်မထုတ်ပြန်မချင်း အသွားအလာကန့်သတ်သည့်(Semi Lockdown) ကာလကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင် ထုတ်ပြန်ထားသည့် အသွားအလာကန့်သတ်သည့်(Semi Lockdown) ကာလမပြည့်ခင် ရက်ပိုင်းအတွင်း ထိုမြို့နယ်များတွင်လူအဝင်အထွက် ပြန်လည်များပြားလာပြီး ယခုလိုကာလထပ်မံတိုးမြှင့်လိုက်ခြင်းမှာ ရောဂါထိန်းချုပ်မှုကို ပိုရျ်အထောက်အကူပြုနိုင်သည်ဟုဒေါက်တာစောနိုင်က ပြောသည်။

အစိုးရဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသူများမှအပ အပြင်သို့ သွားလာခြင်း မပြုရန်၊ လူ ငါးဦး ဖြစ်စေ၊ ငါးဦးထက်ပို၍ဖြစ်စေ မစုဝေးရန်နှင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ခွင့်ပြုထားသော ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်း၊ နာရေးနှင့်ကျန်းမာရေးကြောင့် အပြင်သွားလာမှုတို့ကိုသာခွင့်ပြုမည်ဖြစ်ပြီး စည်းကမ်းချိုးဖောက်သူများကို ကူးစက်ရောဂါ များကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူမည် ဖြစ်သည်။

ယခင် အသွားအလာကန့်သတ်ထားသည့် (Semi Lockdown)ကာလကတည်းက ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူရန်ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်ထိမလိုအပ်ဘဲအပြင်သို့သွားလာနေမှုများကို အရေးယူမှုအပိုင်းတွင် အားနည်းနေသည်ဟု ပန်းဘဲတန်းမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ဆိုသည်။

“ကျွန်မ မြို့နယ်ဆို Downtown ဖြစ်နေတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်ကျွန်မတို့မြို့နယ်က semi lockdown ချလိုက်တယ်သာပြောတယ် အခုလာကြည့်ကြည့် လူတွေကပုံမှန်လောက်နီးပါးကို သွားနေကြတာ။ ကျွန်မတို့ကမလာပါနဲ့လို့လဲ ပြောလို့မရဘူးလေ။ သူတို့ကိုအရေးယူဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲ့လိုနေရာမျိုးကျလိုအပ်ချက်တစ်ခုရှိတာပေါ့နော်” ဒေါ်စိုးပပလှိုင်က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးရှိ အသွားအလာကန့်သတ်သည့်(Semi Lockdown)ကာလတိုးမြှင့်လိုက်သည့် ၁၀ မြို့နယ်တွင် ရောဂါပိုးတွေ့ရှိထားသည့် အတည်ပြုလူနာစုစုပေါင်း ၁၁၃ ဦးရှိသည့်အနက် အင်းစိန်မြို့နယ် ၄၃ဦး၊ မရမ်းကုန်းမြို့နယ် ၁၅ဦး၊ တောင်ဥက္ကလာပမြို့နယ် ၁၃ဦး တို့တွင် ရောဂါပိုးတွေ့ရှိသူ အများဆုံးဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ရက်နေ့ကစတင်ကာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ခုနှစ်ခုကို အသွားအလာကန့်သတ်သည့်(Semi Lockdown)ကာလကို မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားခဲ့သည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...