စစ်ဘေးရှောင်ဒေသသို့ မိုးတွင်းမတိုင်မီ ဆန်ပို့ရန်စီစဉ်၊ ရက်ပိုင်းတွင်း အိတ် ၃ ထောင်ကျော်ထပ်ပို့မည်

စစ်ဘေးရှောင်ဒေသသို့ မိုးတွင်းမတိုင်မီ ဆန်ပို့ရန်စီစဉ်၊ ရက်ပိုင်းတွင်း အိတ် ၃ ထောင်ကျော်ထပ်ပို့မည်

စစ်ဘေးရှောင်ဒေသများသို့ မိုးတွင်းမတိုင်မီ ဆန်များများ ပို့နိုင်ရန် ပြည်နယ် အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ရက်ပိုင်းအတွင်း အိတ် ၃၅၀၀ ထပ်ပို့မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရထံမှ သိရသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “မတူပီ-ပလက်ဝ ကားလမ်းက ပြီးခဲ့တဲ့နှစ်ကလည်း သွားလို့မရဘူး၊ အခုလည်း တစ်ချို့နေရာတွေ မိုးတွင်းသွားလို့ရအောင်ဆိုပြီး ကျောက်ခင်းလမ်း မိုင် ၄၀ လုပ်ထားတယ်၊ ဒါပေမဲ့ ကျတော်ထင်တယ်၊ တစ်ချို့နေရာတွေက သွားဖို့ခက်မယ်၊ မိုးတွင်းအတွက် မိုးသိပ်မများခင်မှာ ကျတော်တို့က အတတ်နိုင်ဆုံး ဆန်များများရောက်အောင် လုပ်ထားတယ်၊ အခုလည်း ဒီရက်ပိုင်းမှာ ဆန်အိတ် ၃၅၀၀ ဝယ်ပြီးပို့မယ်” ဟုပြောသည်။

ထပ်မံပို့ဆောင်မည့် ဆန်များကို ဆမီးမြို့အပြင် ပလက်ဝမြို့ပေါ်နှင့် ရှင်းလက်ဝ၊ မီဇာအထက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦး စိုးထက်က ဆိုသည်။

သူက “ကျွန်တော်တို့ ပလက်ဝ မြောက်ဘက်ခြမ်းက မီဇာအထက်ဆိုရင် မတူပီ-ရေဇွာ-လိုင်လင်းပီ-ရှင်းလက်ဝ ဘက်ကနေပို့တယ်၊ ခုနည်းနည်းမိုးကျရင် ၁၂ ဘီးကားတောင်သွားလို့မရဘူး၊ ၆ ဘီးပဲသွားနိုင်တယ်၊ ပြီးတော့ မိုးတွင်းအတွက်ဆိုပြီး ပြည်ထောင်စုအစိုးရနဲ့ လုံခြံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနကိုလည်း အကူအညီတောင်းခဲ့တယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များအတွက် ရိက္ခာများ ပေးပို့ရာတွင် ပြည်သူပိုင်ကားဖြင့် ပို့၍အဆင်မပြေကြောင်း၊ တပ်မတော် ကားဖြင့်ပို့ဆောင်ရန်ပို၍ အဆင်ပြေသဖြင့် ယခုကဲ့သို့ အကူအညီတောင်းခြင်းဖြစ်ကြောင်း သူကပြောသည်။

လက်ရှိအခြေအနေအရ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးဒုက္ခရောက်နေသည့် ပြည်သူ သောင်းဂဏန်းရှိပြီဖြစ်သော်လည်း အစိုးရတပ်မတော်နှင့်အေအေ တို့အကြားတိုက်ပွဲပြင်းထန်ဆဲဖြစ်သည်။

မေလ (၉) ရက်နေ့က အစိုးရတပ်မတော်ဖက်မှ ကိုဗစ်ကာကွယ်ရေးကို အကြောင်းပြု၍ အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှလွဲပြီး အပစ်အခတ်သုံးလ ရပ်ဆဲသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...