ပလက်ဝမြို့တွင်ရှိသော တိုက်ပွဲရှောင် ဒုက္ခသည်များအတွက် မိုးရာသီ မတိုင်မှီ အရေးပေါ် နေစရာ လိုအပ်နေကြောင်း ပလက်ဝ စစ်ဘေးရှောင် ကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပလက်ဝမြို့ပေါ်ရှိ တိုက်ပွဲရှောင် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “မြို့ပေါ်ရောက် တိုက်ပွဲရှောင်ကလည်း လေးထောင်ကျော် ရှိနေပြီ သူတို့ အခုဘယ်မှာနေလည်း ဆိုတော့ အသင်းတော်ပိုင် အဆောင်တွေမှာ ဘုန်းကြီးကျောင်းတွေမှာ ကျောင်းဆောင်တွေမှာ နေကြရတယ်ဆိုတော့ မိုးတွင်းကာလ ဇွန်လက ပုံမှန်အားဖြင့် ကျောင်းတွေပြန် ဖွင့်တော့မှာဆိုတော့ ကျောင်းတွေမှာ နေတဲ့ သူတွေဘယ်မှာနေမှာလဲ အခက်အခဲ တစ်ခုတော့ ဖြစ်လာတော့မယ်”ဟုပြောသည်။
ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပလက်ဝမြို့ ဆမီးမြို့တို့တွင် တိုက်ပွဲ ရှောင် သူ ဒေသခံ ၉၀၀၀ နီးပါးရှိကာ စာသင်ကျောင်း၊ ဘာသာရေးကျောင်း တို့နှင့် နီးစပ်ရာ ဆွေမျိုးအိမ်များတွင် နေထိုင်နေကြရကြောင်း သိရသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဇွန်လ မိုးတွင်းကလည်း ရောက်တော့မယ်။ ကျောင်းတွေလည်း ဖွင့်တော့မယ်ဆိုတော့ အဲမှာနေတဲ့ သူတွေအတွက် ဆယ်ပေ ဆယ့်ငါးပေ အခန်းတစ်ခန်း မိသားစု ၁ဝစုလောက် နေထိုင်လို့ရအောင် ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းမှာ လုပ်တဲ့ပုံစံမျိုး စမ်းပြီး လုပ်နေတယ်။ ဘတ်ဂျက်တွေကိုလည်း တောင်းပြီးတော့ လုပ်နေတယ် ပြည်ထောင်စုကလည်း သိန်းတစ်ထောင်နှစ်ရာ ပေးတယ် သဘာဝဘေးကလည်း သိန်းထောင့်နှစ်ရာပေးတယ် ဆိုတော့ သိန်းနှစ်ထောင်လေးရာနဲ့ စပြီးတော့ အကောင်ထည်ဖော်နေတယ်” ဟု ပြောသည်။
ပလက်ဝမြို့နယ်အတွင်း ရှိသော စစ်ဘေးဒုက္ခသည် အမြောက်များရှိပြီး ၎င်းတို့အတွက် မိုးမကျမီ နေစရာဆောက်လုပ်ပေးရန် အစိုးရအဖွဲ့နှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ စီစဉ်နေကြရာတွင် ငွေကြေး လိုအပ်ချက်များ ရှိနေကြောင်းလည်း သိရသည်။
ပလက်ဝမြို့ရှိ စစ်ဘေးရှောင်များတွက် ကူညီဆောင်ရွက်ပေးနေ တစ်ဦးက “နေစရာအပြင် စားစရာ ဆန်ကလည်း ဝယ်စရာမရှိတာ သုံးလလောက်ရှိနေပြီ ဒီချိန်မှာ ချင်းပြည်နယ် အစိုးရရော တချို့အလှူရှင်တွေကရော အကူညီပေးလို့ အဆင်ပြေသလိုသွား နေရတယ် ဒီလိုအမြဲတမ်းသွားနေရရင် ဘယ်လိုမှ အဆင်မပြေနိုင် လောက်တော့ဘူး အလှူရှင်တွေဖက်ကလည်း ဘယ်လောက်ထိ ခံနိုင်မလဲ ဆိုတာမျိုးတွေမှာ စိုးရိမ်နေရတယ်”ဟုပြောသည်။
မိုးတွင်းမတိုင်မီ ဒုက္ခသည်များကို ဝါးများနှင့် နေအိမ်ဆောက်လုပ်ပေးရန် စစ်ဘေးရှောင် ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI မှ အလှူငွေများ ကောက်ခံပေးနေလျှက်ရှိကြောင်း သိရသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပလက်ဝ ဆမီး နဲ့တခြားနေရာမှာတွေရှိတယ် တချို့ကစာသင်ကျောင်း တွေမှာနေနေရတယ် သူတို့အတွက် တဲလေးတွေ ဆောက်ပြီးတော့ အားလုံးတော့ မပြည့်စုံဘူး အခုအဆောင်က ၄၈ ဆောင် လျာထားတယ် အဆောင် တစ်ဆောင်မှာ မိသားစု ၁၀ စုရတဲ့တွက် မိသားစု ၉၆၀ တွက်ဘဲ ရဦးမယ် အခုစစ်ဘေးရှောင် ပလက်ဝမြို့ ဆမီးမြို့နဲ့ မီးဇာ ရောက်တဲ့ မိသားစုက ၁၈၀၀ ဝန်းကျင်လောက် ရှိနေပြီ နောက်ထပ်တဝက်လာက် လိုနေပြီ”ဟုပြောသည်။
ဆမီးမြို့တွင်ရှိသော စစ်ဘေးရှောင်များ နေထိုင်နိုင်ရန် ဝါးခင်းဝါးကာဝါးမိုး နှင့် ကိုယ်ပိုင် နေအိမ်များ ဆောက်လုပ်နိုင်ရန် တစ်အိမ်ထောင်စုကို အစိုးရမှ နှစ်သိန်းကျော် ထောက်ပံ့ပြီး ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေကြပြီး လက်ရှိ အလုံးပေါင်း ၄၀ ပြီးပြီဖြစ်ကြောင်း ဝါးအိမ်မှာ အသုံးတည့်လျှင် ဆက်လက်ပြီး အကောင် ထည်ဖော်သွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးကပြောသည်။
လက်ရှိ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် အိမ်ထောင်စု ၁၈၀၀ ဝန်းရှိပြီး လူဦးရေအားဖြင့် တစ်သောင်းကျော် ရှိနေပြီဖြစ်ပြီး ၎င်းတို့၏ စားဝတ်နေရေး အတွက် ပြည်တွင်းပြည်ပ အလှူရှင်များထံ အလှူကောက်ခံလျှက် ရှိကြောင်း သိရသည်။







