ပလက်ဝနှင့် ဆမီးတို့တွင် နေထိုင်သည့် စစ်ဘေးရှောင်များအတွက် တန်ဖိုးနည်း အိမ်ရာ ဆောက်ပေးမည်

ပလက်ဝနှင့် ဆမီးတို့တွင် နေထိုင်သည့် စစ်ဘေးရှောင်များအတွက် တန်ဖိုးနည်း အိမ်ရာ ဆောက်ပေးမည်

Salai Khup Khup — ပလက်ဝမြို့ပေါ်နှင့် ဆမီးမြို့တို့တွင်ရှိသည့် စစ်ဘေးရှောင် ပြည်သူများအတွက် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ချင်းပြည်နယ်အစိုးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျတော်တို့ ချင်းလူမျိုးတွေက ကိုယ့်ရွာ ကိုယ့်ဒေသကို ချစ်တယ်၊ ပြန်လည်းနေချင် ကြတယ်၊ အခုက ပြန်လို့ရတဲ့ အနေအထားလည်း မဟုတ်သေးဘူး၊ ပလက်ဝမြို့ပေါ်နဲ့ ဆမီးမြို့ပေါ်တို့မှာဘဲ မှီခိုပြီး နေထိုင်နေရတဲ့အတွက် ပလက်ဝနဲ့ ဆမီးတို့မှာ တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပြီးတော့ နေနိုင်အောင် ကူညီပေးဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြပြီးပြီ၊ ခွင့်ပြုချက်ရတာနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်တွင်းပြည်ပ အလှူရှင်များ၊ အစိုးရထောက်ပ့ံမှုများဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးမှအစ လှူဒါန်းကူညီပေးမှုရှိနေသော်လည်း စစ်ဘေးရှောင် လူဦးရေများသည့်အတွက် အကူအညီများ ဆက်လက်လိုအပ်လျက်ရှိနေသေးကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “စစ်ဘေးရှောင်က တစ်ဖြည်းဖြည်း များလာတော့ စားနပ်ရိက္ခာ ပိုင်းမှာ အခက်အခဲရှိတယ်၊ နောက်ပြီး ဆေးဝါးတွေလည်း ကူညီပေးဖို့နဲ့ တိုက်ပွဲကြောင့် ဒဏ်ရာရတဲ့ သူတွေရယ် ကိုယ်ဝန်ဆောင် မိခင်တွေ မွေးဖွားတဲ့ချိန် အခက်ခဲရှိလာတယ်။ အခုက ပြည်ထောင်စုကနေ ကူညီပေးနိုင်ဖို့ တင်ပြပေမဲ့ ဒီဟာက ပြည်ထောင်စု တစ်ခုတည်းနဲ့လည်း တတ်နိုင်မှာမဟုတ်ဘူး၊ ပြည်ထောင်စုရော ပြည်နယ်ရော အခြားအလှူရှင်တွေ ကလည်း အခုလည်းကူညီနေတယ် နောက်ပိုင်းလည်း အဲလိုကူညီမှပြည့်စုံမဲ့အနေအထားဖြစ်တယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ လက်ရှိအခြေအနေနှင့် ပက်သတ်ပြီး ဝန်ကြီးဌာနများနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ မေလ ၄ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ၊ ဆက်လက်ပံ့ပိုးကူညီနိုင်ရေးကိစ္စရပ်များကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ရုံးတွင် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ပလက်ဝမြို့နှင့် ဆမီးမြို့များတွင် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ပေးရေး တိုက်ပွဲရှောင်များနှင့် ပလက်ဝဒေသံများ အတွက် မိုးတွင်းကာလ အတွင်း စားနပ်ရိက္ခာ အခက်အခဲနည်းပါးစေရန် ကြိုတင်ဆောင်ရွက်ရေး၊ မိုးတွင်း ကာလ ကားလမ်းများ သွားလာနိုင်ရန် ဆောင်ရွက်ပေးရေး နှင့် ကိုဗစ် -၁၉ ရာဂါ ကာကွယ်ရေး အတွက်လိုအပ်သည့် ပစ္စည်းများ ဖြည့်ဆည်းပေးရေးတို့ကို တင်ပြခဲ့ကြပြီး တိုက်ပွဲရှောင်များအတွက် လိုအပ်ချက်များကို အမြန်ဆုံးဖြည့် ဆည်းပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်သည့် လူဦးရေမှာ လေးထောင်နီးပါး၊ ဆမီးမြို့တွင် သုံးထောင်နီးပါးရှိပြီး မီးဇာတွင် နှစ်ထောင်ကျော်နှင့် ရန်ကုန်ရောက်ရှိသူ နှစ်ရာနီးပါးရှိကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...