COVID-19 ကာကွယ်ထိန်းချုပ်ရေး မွန်ပြည်သစ်ပါတီက အစိုးရကျန်းမာရေးဌာနများနှင့် ပူးပေါင်းမည်

COVID-19 ကာကွယ်ထိန်းချုပ်ရေး မွန်ပြည်သစ်ပါတီက အစိုးရကျန်းမာရေးဌာနများနှင့် ပူးပေါင်းမည်

မွန်ပြည်သစ်ပါတီ နယ်မြေအတွင်း COVID-19 လူနာတွေ့ရှိပါက အစိုးရ လက်အောက်ရှိ ဆေးရုံများနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီ နယ်မြေတွင် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟို အဆင့်၊ ခရိုင် အဆင့်၊ မြို့နယ် အဆင့် ကော်မတီများ ဖွဲ့စည်းထားပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်းလည်း မွန်ပြည်သစ်ပါတီက ပြောသည်။

ထိုသို့လုပ်ဆောင်ရာတွင် သံသယလူနာများရှိလာပါက ရောဂါစမ်းသပ်နိုင်ရန်နှင့် ကုသရန်အတွက် မွန်ပြည်သစ်ပါတီတွင် လုံလောက်သည့်ပစ္စည်းကိရိယာမရှိသည့်အတွက်ကြောင့် လူနာကို ကုသမှုပေးနိုင်ရန် အစိုးရ လက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဌာနနှင့် ချိတ်ဆက်စီစဉ်ထားသည်ဟု မွန်ပြည်သစ်ပါတီ  ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ် က ပြောသည်။

“တကယ်လို့ ကျနော်တို့ နယ်မြေမှာ သံသယလူနာတွေ့ရှိလာမယ်ဆိုရင် ကျနော်တို့ဆီမှာ  ရောဂါကုသရေး အတွက် ပစ္စည်းကိရိယာ လုံလောက်မှုမရှိတဲ့အတွက် ဒီသံသယလူနာတွေကို ကုသဖို့အတွက်ကို ပြည်သူ့ကျန်း မာရေးဌာနနဲ့ ဆက်သွယ်ထားတယ်၊ ဥပမာ ရေး၊ ရေဖြူဘက်မှာဆိုရင် ရေးပြည်သူ့ဆေးရုံ၊  မော်လမြိုင်ခရိုင် ဘက်မှာဆိုရင် ကြာအင်းဆိပ်ကြီးဆေးရုံ အဲလိုပုံစံမျိုးနဲ့ ပြည်သူ့ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ချိတ် ဆက်ထား ပါတယ်”

ထို့အပြင် သံသယလူနာများကို ပြည်သူ့ကျန်းမာရေးဌာနထံ မပို့ဆောင်ခင် ယာယီ စောင့်ရှောက်ထားနိုင်ရန် အတွက် ရေးမြို့ နယ် ဝယ်ဇင်ကျေးရွာအနီးရှိ မွန်ပြည်သစ်ပါတီ၏ မူးယစ်ဆေးဝါး ကုသရေးနှင့်  ပြန်လည်ထူ  ထောင်ရေးစခန်းနေရာတွင် စီစဉ်ထားသည်ဟုလည်း နိုင်ဗညားလယ်က ပြောသည်။

လက်ရှိအချိန်ထိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း၌ ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာမရှိသေးဘူးဟု  မွန်ပြည်သစ်ပါတီတာဝန်ရှိသူက ပြောသည်။

မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မွန်ညီညွတ်ရေးပါတီတို့ကလည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ အတွင်းရှိ ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ အသိပညာပေးမှုများ ဆောင်ရွက်ပေးနေသည့် အပြင် ရောဂါကာကွယ်ရေးပစ္စည်းများကိုလည်း ထောက်ပံ့ပေးနေသည်ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က ပြောသည်။

“မွန်ညီညွတ်ရေးပါတီက MSDN (မွန်ဒေသလူမှု ဖွံ့ဖြိုးရေးကွန်ရက်) နဲ့ ပူးပေါင်းပြီးတော့ ကျေးရွာတွေမှာ အထူးသဖြင့် လက်လှမ်းမမိတဲ့ ဝေးတဲ့ဒေသက ကျေးရွာတွေ  ရေးချောင်းဖျားဒေသက မွန်ပြည်နယ်သစ်ပါတီနယ်မြေထဲက ရွာတွေမှာ COVID-19 နဲ့ ပတ်သက်တဲ့ ပညာပေးမှု  တွေ နောက်ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ နှာခေါင်းစည်း၊ လက်အိတ်၊ ပိုးသတ်ဆေး စတာတွေကို လိုက်ပြီး  တော့ ကူညီထောက်ပံ့ပေးနေတယ်” ဟု ပြောသည်။

မွန်ပြည်နယ်ပါတီအနေနှင့်  ၎င်းတို့ထိန်းချုပ်နယ်မြေများတွင်သာမက မွန်ပြည်သစ်ပါတီနှင့်ထိစပ်နေသည့် နယ်မြေများနှင့် မွန်ပြည်သူလူထုများ တည်ရှိရာနေရာဒေသသို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးမှုများ၊ ရောဂါကာကွယ်ရေးပစ္စည်းများ၊ အစားအသောက်များ ကူညီထောက်ပံ့ပေးလျက် ရှိသည်ဟု သိရသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...