ရခိုင်ပြည်နယ်တွင် ဧပြီလအတွင်း တိုက်ပွဲ အနည်းငယ် လျော့ကျခဲ့သော်လည်း တပ်မတော်က နယ်မြေရှင်းလင်းရေး ပြင်းထန်စွာ လုပ်ဆောင်ခဲ့သဖြင့် စစ်ဘေးရှောင် ဦးရေ ၇ ထောင်နီးပါးခန့် ထပ်မံ တိုးလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး - REC က ထုတ်ပြန်သည်။
“စစ်ဘေးသင့်/စစ်ဘေးဒုက္ခသည် အရေအတွက်ကို တင်ပြခြင်း” ခေါင်းစဉ်ဖြင့် REC က ဧပြီ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သည့် စာရင်းဇယားများအရ စစ်ဘေးရှောင် ၁၆၄၀၀၀ ကျော်ရှိသည်ဟု သိရသည်။
မတ်လ ၃၁ ရက်အထိ စာရင်းများအရ ရခိုင်ပြည်နယ် စစ်ရှောင်ဦးရေမှာ ၁၅၇၂၉၁ ဦးရှိခဲ့ပြီး တစ်လအကြာ ဧပြီ လကုန်မှာ ၁၆၄၂၁၁ ဦး ထိရှိလာကြောင်း စာရင်းများတွင် ဖော်ပြသည်။
REC တာဝန်ရှိသူတစ်ဦးက “ဘူးသီးတောင်မှာ ၂၇ ရက်နေ့ ညနေပိုင်းက ၄၀၀ ကျော် ၅၀၀ လောက်ထပ်ရောက်တယ်။ ရွှေကျင်ကျောင်းတိုက်မှာ နေရာချထားပေးတယ်။ အစားအ သောက်တွေ အရေးပေါ်လိုနေတာရှိတယ်။ ဘူးသီးတောင်ထက် ဆိုးတဲ့နေရာ နှစ်နေရာရှိသေးတယ်။ မင်း ပြားမြို့နယ် ရာမောင်တံတားနားနဲ့ နောက်ကျောမှာရှိတဲ့ တောင်ကြောတွေမှာ ရွာလေးငါးရွာလောက်ရှိ တယ်။ သူတို့ဆိုတော်တော်လေးကို အခက်အခဲတွေ့နေရတယ်။ အခုထွက်ပြေးနေရတဲ့ သူတွေထဲက အများစုက IDPs Camp ဆိုတဲ့နေရာတွေကို မရောက်လာကြသေးဘူး” ဟု ပြောသည်။
၂၀၂၀ အတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ပိုမိုပြင်းထန်ကျယ်ပြန့်လာခြင်း၊ တပ်မတော်၏ နယ်မြေ ရှင်းလင်းမှုများ ပြင်းထန်စွာလုပ်ကိုင်နေခြင်းတို့ကြောင့် လုံခြုံရေးအရ စိန်ခေါ်မှုများစွာ ရှိနေပြီး ယခုအခါ စစ်ပွဲ သက်ရောက်နေသည့် ဒေသများရှိ စစ်ဘေးဒုက္ခသည်အရေအတွက် တိကျမှန်ကန်စွာ ရရှိရေး အခက်အခဲ များရှိသည်ဟု လည်း REC က ပြောသည်။
ဧပြီလနောက်ဆုံးပတ်တွင် မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးလွတ်ရာထွက်ပြေးနေရပြီး အရေးပေါ် အကူအညီများ လည်း လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများ က ပြောသည်။
ကျောက်တော်မြို့တွင်လည်း ဧပြီလအတွင်း အသစ် ထပ်ရောက်လာသည့် စစ်ဘေးရှောင်များရှိသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။
ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “၂၀၁၉ က ရှိတဲ့ စစ်ရှောင်တွေကို ပြောတာ မဟုတ်ဘူးနော်။ ကုလားတန်မြစ်၊ ကစ္စပ္ပနဒီမြစ် အထက်ပိုင်းက ရွာတွေကနေ ထွက်ပြေးလာကြတဲ့လူတွေပေါ့” ဟု ပြောသည်။
ဧပြီလအတွင်း စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် အများစုမှာ ပုံမှန်ရရှိနေသည့် စားနပ်ရိက္ခာထောက်ပံ့မှုများ မရှိခြင်း ၊ စခန်းရှိ ယာယီတဲများ ပျက်စီးလာခြင်း၊ မိုးစတင်ရွာသွန်းမှုများကြောင့် နေထိုင်စရာ အခက်အခဲ များရှိလာ ခြင်းနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှု ရှိလာခြင်းတို့ကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက “အခု ကျနော်တို့ ဖြစ်နေတာ ကတော့ ပြည်သူတွေကိုပဲ ပစ်မှတ်ထားနေတဲ့ သဘောမျိုးဖြစ်နေတော့ ဒါမျိုးတွေကို မလုပ်စေချင်ဘူး။ လူ ထုတွေက တော်တော်ကိုကြောက်နေကြပြီ။ ပြေးစရာနေရာလည်း မရှိတော့ဘူးနော်။ ဖြစ်စေချင်တာက တော့ ရခိုင်မှာ ဖြစ်နေတဲ့ ဒီအဖြစ်မှန်တွေ သိဖို့အတွက် အင်တာနက်တွေ ဖွင့်ပေးဖို့ လိုတယ်။ သတင်းသမား တွေကိုလည်း လွတ်လပ်စွာ ရယူပိုင်ခွင့်တွေ ပေးဖို့လိုတယ်။ အဲလိုမျိုးတွေ ဖြစ်စေချင်တယ်ပေါ့ဗျာ” ဟု ပြောသည်။
အဆိုပါအခြေအနေများကြောင့် စစ်ဘေးသင့်ပြည်သူ အရေအတွက်ကို တိကျသေချာစွာ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ စခန်းအချို့မှာ အချက်အလက်များကို ဖုန်းအဆက်အသွယ်ဖြင့်သာ ကောက်ယူခဲ့ရသောကြောင့် အနည်းငယ် မပြည့်စုံ၊ မတိကျမှုများ ရှိနိုင်သည်ဟုလည်း REC က ပြောသည်။
Published
Monday, May 04, 2020
ဧပြီလအတွင်း ရခိုင်စစ်ရှောင် ၇၀၀၀ ခန့် တိုးလာ







