Salai Khup Khup — ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လအတန်ကြာ ကုန်စည်စီးဆင်းမှု ပြတ်လပ်မှုကြောင့် စားနပ်ရိက္ခာ အခြေအနေ ပိုမို ဆိုးဝါးသွားနိုင်ခြင်းကြောင့် ဆက်လက်ထောက်ပံ့ရန် လိုအပ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် - WFPက မေ ၃ တွင် ထုတ်ပြန်သည်။
WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာစတီဖန်အန်ဒါဆန်က “ပလက်ဝဒေသမှာ ရှိတဲ့ လူထုဟာ အတော်လေးကို ထိခိုက်လွယ်တဲ့ အခြေအနေမှာ ရှိပါတယ်။ လက်ရှိ စားနပ်ရိက္ခာပြတ်လပ်မှုအခြေအနေကနေ ဒီထက် ပိုဆိုးမသွားအောင် ကျွန်တော်တို့ အထောက်အပံ့တွေ ဆက်လက်ပေးအပ်သွားဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။
WFPက ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် ဆန်အိတ် ၁၀၀၀ အပါအဝင် စားနပ်ရိက္ခာများကို လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြားမှ ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါရိက္ခာများကို ပလက်ဝမြို့ရှိ စစ်ဘေးရှောင်၃၇၀၀ စတင်ရရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရှိန်မြင့်တက်လာသောစစ်ဘေးဒဏ်ကြောင့်လွန်ခဲ့သည့်လအနည်းငယ်မှစတင်ကာချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်ကြားရှိ ပလက်ဝမြို့တွင် စားနပ်ရိက္ခာနှင့်ကုန်စည်စီးဆင်းမူရပ်တန့်ပြတ်တောက်သွားခဲ့ပြီး မိသားစုအများအပြားအနေဖြင့် ပုံမှန်စားစရာမရှိတော့ဘဲ ရနိုင်သမျှတောတွင်းအသီးအနှံ၊ သစ်ဥသစ်ဖုများကို ရှာဖွေစားသောက်နေရကြောင်း၊မိသားစုအချို့မှာ ကိုယ်ပိုင်တောင်ယာ ခိုင်းကျွဲ၊ နွားများကိုရောင်းချ၊ စားသုံးကြရသဖြင့်ရေရှည်တွင်စိုက်ပျိုးထုတ်လုပ်မူနှုန်းနှင့် စားနပ်က္ခာဖူလုံမူကိုပါထိခိုက်နိုင်သည့်အခြေအနေရှိကြောင်း WFPထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းသို့ ရိက္ခာပို့ဆောင်စဉ် ဧပြီ ၂၉ ရက်တွင် အမည်မသိသူများက WFP မှရိက္ခာသယ် ကုန်တင်ယာဉ် ငါးစီးပါ ယာဉ်တန်းကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်အကူတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း ဆက်လက်မောင်းနှင် သယ်ဆောင်သွားနိုင်ခဲ့ပြီး ပလက်ဝမြို့အနားရှိ မြစ်ဆိပ်ကမ်းတစ်ခုမှတစ်ဆင့် လှေငယ်များထံလွှဲပြောင်းကာ ရိက္ခာများကို အရောက် ပို့ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
WFPအနေဖြင့် ပလက်ဝမြို့အနီး ဆမီးမြို့ရှိ စစ်ဘေးရှောင်၂၆၀၀ ကျော်ထံ ဧပြီလအစောပိုင်းက စားနပ်ရိက္ခာနှင့် မီးဖိုဆောင်သုံးပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရ ကူညီမှုဖြင့် ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP သည် နိုင်ငံပေါင်း ၈၀ ကျော်ရှိ လူဦးရေ သန်းပေါင်းများစွာကို နှစ်စဉ် ကူညီထောက်ပံ့နေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။







