ဆူရ်ဘုန်လေယာဉ်ကွင်းကို မူလရည်မှန်းသည့်အတိုင်း မေလတွင် အပြီးသတ်၊ ဇွန်လတွင် ဖွင့်လှစ်မည်

ဆူရ်ဘုန်လေယာဉ်ကွင်းကို မူလရည်မှန်းသည့်အတိုင်း မေလတွင် အပြီးသတ်၊ ဇွန်လတွင် ဖွင့်လှစ်မည်

Salai C.Lian - ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် အစိုးရ လုပ်ငန်းများ နှောင့်နှေးမှုများရှိခဲ့သော်လည်း ဖလမ်းမြို့တွင် တည်ဆောက်လျက်ရှိသည့် ဆူရ်ဘုန်လေယာဉ်ကွင်းကို မေလတွင် အပြီးသတ်ပြီး ဇွန်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “နဂိုကတည်းက ကျွန်တော်တို့ မေလမှာ ပြီးအောင် လုပ်မယ်ဆိုပြီး ရည်မှန်းတဲ့အတိုင်း ဆက်တိုက် လုပ်နေတယ်၊ ဇွန်လမှာ ဖွင့်ပွဲ လုပ်မယ်ပေါ့၊ ဆိုတော့ ကျွန်တော်တို့ အခုလည်း လုပ်သား ၃၀၀ ကျော်က ဆက်တိုက် လုပ်နေတယ်၊ လုပ်သားတွေကလည်း မပြန်နိုင်ကြဘူး၊ အဲဒီမှာ လုပ်တဲ့သူကိုလည်း ရောဂါကူးစက်မှု ကာကွယ်တဲ့ အနေနဲ့ သီးခြား နေခိုင်းတယ်၊ သူတို့တွေက လုပ်ငန်းခွင်ကနေ အပြင် ထွက်လို့လည်း မရဘူး၊ အပြင်က လူတွေလည်း ဝင်လို့မရဘူး၊ လုပ်ငန်းရည်မှန်းချက်အတိုင်း ဒီလမှာတော့ အကုန်ပြီးမှာပါ ဇွန်လမှာတော့ ဖွင့်နိုင်အောင် ဆက်တိုက်လုပ်နေပါတယ်” ဟု ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့်  ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း လက်ရှိ ကပ်ရောဂါကြောင့် လုပ်ငန်းနှောင့်နှေးမှုများလည်း ကြုံတွေ့ရကြောင်း ဦးစိုးထက်က ပြောသည်။

ဝန်ကြီးဦးစိုးထက်က “အခု ကပ်ရောဂါ ဖြစ်တဲ့ချိန်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်ဘတ်ဂျက်နဲ့ လုပ်တဲ့ လုပ်ငန်းတွေ ရှိတယ်၊ အဲဒါတွေက ပညာရေး၊ ကျန်းမာရေး၊ ဌာနဆိုင်ရာ အဆောက်အဦ၊ လမ်း၊ တံတားတွေ အများကြီး ရှိတယ်၊ အဲဒါတွေက သတ်မှတ်ထားတဲ့ အချိန်မှာ ပြီးဖို့ မလွယ်ဘူး၊ ပစ္စည်းတွေလည်း ဝယ်လို့ မရဘူး၊ အလုပ်သမားတွေလည်း လူစုလို့ မရဘူး ဖြစ်နေတယ်၊ လုပ်ငန်းတော့ နည်းနည်း နောက်ကျတာတွေ ရှိမယ်” ဟု ပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်မှု လက်ရှိအခြေအနေမှာ ၇၅ ရာခိုင်နူန်း ပြီးစီးပြီ ဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...