Salai Benezar — တီးတိန်မြို့နယ်မှ လူနာနံပါတ် ၁ (Case-1) ကြောင့် အလှူရှင်များ ပေါ်ပေါက်လာသဖြင့် တီးတိန်ဆေးရုံအတွက် အကျိုးရှိလာခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယင်းလူနာ အပါအဝင် COVID-19 ရောဂါ ကူးစက်ခံရသူသုံးဦးနှင့် ဧပြီ ၂၈ နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးရာတွင် ၎င်းက ယင်းသို့ ဆိုခဲ့ခြင်း ဖြစ်သည်။
“တီးတိန်ဆေးရုံမှာ ဆရာဝန်ကြီး ပြောသွားတာဆိုရင် တချို့ လိုအပ်ချက်ကလေးတွေ ရှိတာပေါ့၊ ICU လိုအပ်တာတို့၊ ကူးစက်ရောဂါသည်တွေအတွက် သက်သက် ထားနိုင်ဖို့ ပြင်ဆင်မှု လိုအပ်တာတို့ ပြောသွားတဲ့အခါမှာ အလှူရှင် တစ်ယောက်လည်း ပေါ်လာပါတယ်၊ တီးတိန်ဆေးရုံအတွက် သူ (အလှူရှင် ) အားလုံး တာဝန်ယူပေးပါမယ်တဲ့၊ တစ်နည်းအားဖြင့် သား(လူနာအမှတ် ၁ )မှာ ဒီရောဂါဖြစ်တယ်ဆိုတာ တစ်ဘက်ကကြည့်ရင် မကောင်းဘူးလို့ ပြောလို့ ရတာပေါ့၊ ဒါပေမဲ့ ဒီရောဂါ ဖြစ်ပြီးတော့ တီးတိန်ကို ဆေးရုံကိုတက်လာရတဲ့အတွက် တီးတိန်ဆေးရုံအတွက်လည်း အကျိုးရှိတဲ့သဘော ဖြစ်သွားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဆက်လက်၍ သူမက "နောက်ကျလို့ရှိရင် တီးတိန်ဆေးရုံမှာ တက်မယ့် လူနာတွေအတွက်လည်း ကောင်းသွားတာပေါ့၊ အဲဒီတော့ ချင်းပြည်နယ်အတွက်လည်း ကောင်းတယ်"ဟုလည်း ဖြည့်စွက်ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လူနာနံပါတ် ၁ နှင့်အတူ မန္တလေးမှ လူနာနံပါတ် ၄ ၊ ပြည်မြို့မှ မေ့ဆေးအထူးကုဆရာဝန်ကြီး လူနာနံပါတ် ၃၀ တို့လည်း ပါဝင်ဆွေးနွေးခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချင်းပြည်နယ်မှ ပြည်သူများ အွန်လိုင်းကတဆင့် ဧပြီလ ၂၅ရက်တွင် ဆွေးနွေးကြရာချင်းပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာအောင်ငွေစံမှ တီးတိန်ဆေးရုံတွင် ICU နှင့် Isolation Unit ထားရှိပေးရန် လိုအပ်ကြောင်း တင်ပြခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲပြီးနောက် IGE Group Company နှင့် New Day Energy Co ., Ltd ကုမ္ပဏီနှစ်ခုပေါင်း ကျပ်သိန်းပေါင်း ၂၅၀ တန်ဖိုးရှိ ဂျာမဏီနိုင်ငံလုပ် '' Drager Brand Germany Made Ventilator (1) Unit တစ်ခု''ကို တီးတိန်ဆေးရုံကြီးအတွက် လှူဒါန်းခဲ့ပြီး ဧပြီ ၂၈ ရက်နေ့တွင် ကားဖြင့် ရန်ကုန်မှ တင်ဆောင်လာမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ တီးတိန်ဆေးရုံကြီးတွင် COVID-19 လူနာငါးဦး ရှိပြီး လူနာနံပါတ် မှာ ရောဂါစတင်တွေ့ရှိခဲ့သည့် မတ်လ၂၃ရက်နေ့မှ ယနေ့အထိ ဆေးစစ်ဆေးမှု ငါးကြိမ် ရှိခဲ့ပြီး နောက်ဆုံးအကြိမ်တွင် ရောဂါပိုး မရှိကြောင်း တွေ့ရသည်ဟု သိရသည်။







