ကိုဗစ် - ၁၉ သီးခြားထားရှိ စောင့်ကြည့်စင်တာ ရောက်ရှိခဲ့သူ တစ်ဦးနှင့် မေးမြန်းခြင်း

ကိုဗစ် - ၁၉ သီးခြားထားရှိ စောင့်ကြည့်စင်တာ ရောက်ရှိခဲ့သူ တစ်ဦးနှင့် မေးမြန်းခြင်း

"သူတို့ ဒီမှာထားတဲ့ ပုံစံက ရေချိုးခန်း၊ အိမ်သာကို ပေါင်းသုံးရတဲ့အတွက် တစ်ယောက်ယောက်သာ ရောဂါရှိခဲ့လို့ရှိရင် ကျနော်တို့အားလုံးကို ကူးမယ့် သဘောမှာ ရှိတယ်၊ ဘာနဲ့တူလဲဆိုရင် အဲမှာ အကုန်လုံးနေ၊ တစ်ယောက်ရှိရင်လည်း အကုန်လုံးကူးကြ ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်"

သြစတေးလျနိုင်ငံမှ ပြန်လာကာ ရန်ကုန်တွင် ၁၄ရက် Quarantine ဝင်ပြီးနောက် ဟားခါးမြို့တွင် နိုင်ငံခြားမှပြန်လာသူများအတွက် ပြုလုပ်ပေးထားသည့် Quarantine Center တွင် ထားရှိခံသူများထဲမှ တစ်ဦးဖြစ်သူ ကိုပါလိန်းနှင့် Quarantine Center ရဲ့ အခြေအနေများကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - အစ်ကိုတို့ နိုင်ငံခြားက ပြန်လာတဲ့သူတွေကို ဟားခါးမှာ Quarantine ထားတယ်လို့သိရတယ်၊ ပြီးတော့ အစ်ကို ရန်ကုန်မှာလည်း ၁၄ရက် Quarantine ဝင်ခဲ့တော့ အရင်ဆုံး ရန်ကုန်က အခြေအနေကို ပြောပြပေးပါဉီးဗျ?

ဖြေ - ကျနော်ရန်ကုန်ကို ပြန်ရောက်တော့ အစိုးရက စီစဉ်ပေးတဲ့နေရာရှိတယ်၊ ဟိုတယ်မှာလည်း နေလို့ရတယ်၊ ဟိုတယ်မှာက တစ်ခန်းကို တစ်ယောက်နေရတယ်၊ အဲဒီထဲကနေ လုံးဝအပြင်မထွက်ဘူး၊ အပြင်ကနေ တံခါးခေါက်တယ်၊ ထမင်းလာထားပေးသွားတယ်၊ ယူပြီးစားယုံဘဲ၊ အဲလိုမျိုး ၁၄ရက်နေခဲ့တယ်၊ သူတို့က ခွင့်ပြုချက်ပေးလိုက်ပြီးတဲ့နောက်ကျနော်ပြန်လာခဲ့တာပါ

မေး - ရန်ကုန်ကနေပြန်လာပြီးတော့ ဟားခါးမှာရော သူတို့အနေနဲ့ ဘယ်လိုထားလဲ? အခြေအနေလေး ပြောပြပေးပါဉီးဗျ

ဖြေ - ဟားခါးရောက်တော့ ဒီကအခြေအနေမသိတာကြောင့် အိမ်မပြန်ဘဲနဲ့ အသိဆရာဝန်တစ်ယောက်ကို ဖုန်းဆက်မေးကြည့်တယ်၊ Quarantine သက်သက်ထားတဲ့နေရာရှိလား၊ အိမ်မှာဘဲနေရမှာလားပေါ့၊ သူပြောတာက အစိုးရအသိအမှတ်ပြုနဲ့ ၁၄ရက်နေခဲ့ပြီဆိုတော့မလိုတော့ဘူးထင်တယ်၊ ပြီးတော့ ဟားခါးမှာက Quarantine Centre သက်သက်ထားတာလဲမရှိဘူး၊ Home Quarantine ဘဲထားတယ်လို့ပြောတယ်၊ အိမ်မှာဘဲနေလိုက်လို့ပြောတော့ ကျနော် အိမ်ရဲ့အောက်ထပ်မှာ မိသားစုနဲ့မရောဘဲ ကိုယ့်ဟာကိုယ်သက်သက်နေလိုက်တယ်၊ ညနေဘက်မှာကျတော့ Quarantine ပြန်လုပ်မယ်လို့ ဖုန်းပြန်ဆက်တော့ ကျနော်လည်းအဆင်သင့်ပါဘဲလို့ ပြန်ပြောလိုက်တယ်၊ ဒါပေမယ့် သူတို့ထားတဲ့နေရာရောက်တော့ အခန်းတစ်ခန်းမှာ လူလေးယောက်ထားတယ်၊ တစ်ခြားအခန်းမှာ မိန်းကလေးသုံးယောက်နေတယ်၊ ကျနော်နဲ့ တစ်ခန်းထဲကျတဲ့သုံးယောက်လုံးက အမေရိကားကနေ အလည်ပြန်လာကြတာ၊ သူတို့ ဒီမှာနေတာ တစ်လလောက်တောင်ရှိပြီ၊ ဒါပေမယ့် ကျနော်ရောက်တဲ့ ညနေကျမှ သူတို့ကို Quarantine စထားတာ၊

မေး - အဲဒီမှာနေရတဲ့ အနေအထားကိုလည်း ပြောပေးပါဦးဗျ

ဖွေ - ဖြေ - ကျနော်တို့က လေးယောက် စုနေရတဲ့အတွက်  အခန်းတံခါးက တစ်ခုတည်းပေါင်းသုံးရသလိုဖြစ်သွားတယ်၊ ပြီးတော့ ဒီမှာနေတဲ့သူအားလုံးအတွက်က အိမ်သာက ၈ လုံးရှိတာမှာ ၆လုံးဖွင့်ထားပေးတယ်၊ ဘယ်သူက ဘယ်ဟာသုံးသွားလဲဆိုတာမသိရတော့ ပေါင်း သုံးရသလိုဖြစ်တယ်၊ ရေချိုးခန်းလည်းပေါင်းသုံးရတယ်၊ တစ်ကယ်လို့ အိမ်မှာသာနေခဲ့လို့ရှိရင် ရေချိုးခန်း အိမ်သာ အိပ်တဲ့နေရာကအစ သီးသန့်သုံးဖို့ စီစဉ်ထားခဲ့တယ်၊ ဒါပေမယ့် သူတို့ဒီမှာထားတဲ့ပုံစံက ရေချိုးခန်း အိမ်သာ ကို ပေါင်းသုံးရတဲ့အတွက် တစ်ယောက်ယောက်သာ ရောဂါရှိခဲ့လို့ရှိရင် ကျနော်တို့အားလုံးကို ကူးမယ့်သဘောမှာရှိတယ်၊ ဘာနဲ့တူလဲဆိုရင် အဲမှာ အကုန်လုံးနေ၊ တစ်ယောက်ရှိရင်လည်း အကုန်လုံးကူးကြ ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်

မေး - အဲဒီက ဝန်ထမ်းတွေကရော အကာအကွယ်တွေ သုံးလားဗျ?

ဖြေ - ကျနော်တို့ကို အပြင်ကနေစောင့်တဲ့ ဝန်ထမ်းတွေက Mask ပဲ တပ်တယ်၊ ကျနော်တို့ကို အပူချိန်တိုင်းတဲ့သူတွေကတော့ လက်အိတ်ဝတ်တယ်၊ Mask တပ်ထားကြတယ်

မေး - အစားအသောက်ပိုင်းရော စီစဉ်ပေးထားတာရှိလားဗျ?

ဖြေ - အစားအသောက်ပိုင်းကိုတော့ စီစဉ်ပေးထားတာမရှိဘူး၊ ကျနော်ကတော့ အနီးအနားဆိုင်ကပဲ ပါဆယ်ပို့ခိုင်းတယ်၊ သူတို့က တစ်ခါသုံးဘူးတွေနဲ့ပဲ လာပို့တာဆိုတော့ စားပြီးတာနဲ့ ချက်ချင်းပြန်လွှင့်ပစ်တယ်

မေး - အစိုးရအနေနဲ့ ဘယ်လိုမျိုး စီစဉ်ပေးစေချင်တာမျိုး ရှိလားဗျ?

ဖြေ - ကျနော်ဖြစ်စေချင်တာက ဟားခါးကိုရောက်ကတည်းက သူ့တို့ဘက်က Quarantine ထားပေးဖို့ မရှိရင်တောင် အိမ်မှာကိုယ့်ဟာကိုယ် သီးသန့်နေဖို့ တွေးထားပြီးသားဖြစ်တယ်၊ ဒါပေမယ့် ခုသူတို့ထားပေးတဲ့ပုံစံက အဆင်မပြေတော့ ကျနော်တို့အတွက်ရော တစ်ခြားသူတွေအတွက်ရော မလုံခြုံဘူး၊ အဲဒါထက် အိမ်မှာနေခိုင်းပြီးတော့ ကျနော်တို့ဘက်ကနေလည်း  သီးသီးသန့်သန့် ဖြစ်အောင် အစာစားတာကအစ ရေချိုးခန်း အိမ်သာသုံးတာကအစ တစ်ခြားသူနဲ့ အတတ်နိုင်ဆုံး မထိစပ်အောင်နေလို့ရတယ်၊ အဲဒါမှမရရင် ဟိုတယ်လိုဟာမျိုးကို ပြောပေးမယ်ဆိုရင် ကိုယ့်ဟာကိုယ် ဟိုတယ်ခရှင်းပြီးတော့ အဲဒီအခန်းထဲမှာ သူတို့ နေခိုင်းသလောက်နမေယျ၊ အခုက သူတို့ထားတဲ့ပုံစံက လုံးဝမလုံခြုံဘူး၊ ဘာလို့လဲဆိုရင် ရက်အကြာကြီးနေရမှာဆိုတော့ ပိုးရှိတဲ့သူသာ ဝင်လာခဲ့လို့ရှိရင် အကုန်လုံးကူးမှာဘဲ၊ ကူးကိုကူးမှာ

မေး - အခု Quarantine ဝင်တာကရော ဘယ်နှစ်ရက်နေရမယ်လို့ ပြောထားတာမျိုးရောရှိလား?

ဖြေ - အဲဒါလဲသူတို့က ရှင်းရှင်းလင်းလင်းပြောထားတာမရှိဘူး၊ တစ်ကယ်တန်းဆို ကျနော်က ရန်ကုန်မှာ ၁၄ရက်နေခဲ့ပြီးပြီဆိုတော့ လက်မှတ်လည်းရထားပြီးသားဆိုတော့ အစကနေပြန်စစရာမလိုတော့ဘူး၊ ပြီးတော့ ဒီကစီစဉ်သူတွေက အဲဒီမတိုင်ခင် ဘာမှပြင်ဆင်ထားတာမရှိဘူးလို့မြင်တယ်၊ ကျနော်ရောက်ပြီး ဖုန်းဆက်အသိပေးမှ အစည်းအဝေးလုပ်တယ်၊ ပြီးမှ ညနေပိုင်းမှာလာ ခေါ်တာဖြစ်တယ် ၊ ကျနော့်ကိုလာခေါ်တုန်းကဆိုရင် ကားအဆင်မပြေလို့ ဆိုင်ကယ်နဲ့ လာကြိုတယ်၊ အဲဒီလာကြိုတဲ့သူကလည်း ဘာအကာအကွယ်မှ မပါဘူး၊ Mask တောင်မပါဘူး၊ တစ်ကယ်တမ်းဆိုရင် နိုင်ငံတော်က အမိန့်ထုတ်ထားကတည်းက သူတို့အနေနဲ့ကြိုတင်ပြင်ဆင်ထားရမှာ

မေး - အခုလိုဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်။

ဖြေ- ဟုတ်ကဲ့၊ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...