လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှုများအပေါ် မေးမြန်းချက်

လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှုများအပေါ် မေးမြန်းချက်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ် ကျေး ရွာ အတွင်းသို့ ဧပြီလ ၁၃ ရက်နေ့က လက် နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့တဲ့အတွက် ဒေသခံ ၈ ဦး သေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ဒေသခံတစ်ချို့ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက တိုက်ပွဲ အခြေ အနေ၊ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို  အခင်းဖြစ်ပွားရာ ကျောက်ဆိပ်ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်တွေမြို့က လူ့ အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ကိုခိုင်မျိုးထွန်းကို သတင်းနှင့် မီဒီယာကွန်ရက်က ဆက်သွယ် မေးမြန်းထား ပါတယ်။

မေး – ဒီမနက် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျောက်ဆိပ်ကျေးရွာထဲကို လက်နက်ကြီး ကျပြီး ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ကြားတယ် ဆိုတော့ အဲဒီဖြစ်စဉ်လေး ပြောပြပေးပါလား။

ခိုင်မျိုးထွန်း – လက်နက်ကြီး ကျကျချင်း ကျောက်ဆိပ်ရွာမှာ ၄ ယောက်ကတော့ ပွဲချင်းပြီး သေသွား တယ် ပေါ့နော်။ ပုဏ္ဏား ကျွန်းဆေးရုံမှာ ၂ ယောက်သေတယ်။ ဒါဆို စုစုပေါင်း ၆ ယောက်ပေါ့နော်။ နောက်ထပ် ၂ ယောက် သေတာက သူတို့က စစ်တွေ ဆေးရုံကိုသွားတယ်။ သွားတဲ့အခါ အဲဒီကျောက်ဆိပ်ဂိတ်မှာပေါ့နော် အဲဒီဂိတ်မှာ စစ်သားတွေ က သူတို့ကို တစ်နာရီလောက်စစ်ဆေးတဲ့ အခါကျတော့ လူနာ ၂ ယောက်က အချိန်တွေ အရမ်း ကုန်ပြီးတော့ စစ်တွေ ဆေးရုံကို မရောက်ပဲ လမ်းမှာပဲ လူနာ ၂ ယောက်သေသွားတယ်။ တစ်ခြား ဒဏ်ရာရတဲ့ သူတွေကလည်း ခုနှစ်ယောက် ရှစ်ယောက်လောက် တော့ ရှိတယ်။

မေး – ဒဏ်ရာ ရတဲ့သူတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။

ခိုင်မျိုးထွန်း – ဒဏ်ရာ ရတဲ့သူ တစ်ချို့ကတော့ ၂ ယောက်ကတော့ စိုးရိမ်စရာရှိတယ်။ သူတို့က ပုဏ္ဏား ကျွန်းဆေးရုံမှာ သူတို့က ဆေးကုသမှု ခံယူနေပါတယ်။

မေး – လက်နက်ကြီးက ဘယ်လိုကျတာလဲ။

ခိုင်မျိုးထွန်း – ဒီနေ့မနက်မှာ ပုဏ္ဏားကျွန်းမြို့ပေါ့နော်။ ၅၅၀ တပ်ရင်း ကနေ ပြီးတော့ သူတို့က လက်နက်ကြီး ပစ်တာ တိုက်ပွဲဘာမှ မရှိပါဘူး။ အဲဒီမှာလေ ရွာသားတွေ အပါအဝင် ဒီပုဏ္ဏားကျွန်းမြို့ပေါ်ကပြောတာက ၅၅၀ တပ်ရင်းဆိုတာက ပုဏ္ဏားကျွန်းနဲ့ နီးနီးလေးပဲလေ။ အဲဒီ ၅၅၀ တပ်ရင်းက တောင်ပေါ်ကနေ ပစ်နေတာကတော့ ၂ ရက် ၃ ရက် ရှိပါပြီ။ ဒီနေ့မှပဲ အဲဒီရွာကိုလာကျပြီး တော့ ဒါမျိုးဖြစ်တာပါ။

မေး – အစ်ကိုလည်း အဲဒီရွာကို အခုရောက်နေတယ်ဆိုတော့ အဲဒီရွာရဲ့ လက်ရှိ အခြေအနေက ဘယ်လိုရှိနေ သလဲ။ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေရှိသလား။

ခိုင်မျိုးထွန်း – ရွာသားတွေကျတော့ ဒီကုလားတန်မြစ်ပေါ်ပေါ့နော် အဲဒီရွာကကျတော့ ရန်ကုန်-စစ်တွေ လမ်းမ ကြီးပေါ်မှာ ရှိတယ်။ ပြီးတော့ သူတို့က အနောက်ဖက်ကမ်းမှာ ဆိုလို့ရှိရင် ဂန့်ဂါခမီးရှိတယ်ပေါ့နော်။ တစ်ချို့ကျ တော့ အဲဒီရွာက ကလေးတွေရော မိန်းမတွေရော လူပေါင်း ၂၀၀ ကနေပြီးတော့ နီးစပ်ရာ ကျေးရွာတွေကို လောင်းလှေနဲ့ ဘုတ်တွေနဲ့ ကူးရှောင်သွားတဲ့ဟာတွေတော့ ရှိပါတယ်။

မေး – ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတော့ သူတို့တွေရဲ့ စားဝတ်နေရေးအတွက် ဘယ်လိုအ ခက် အခဲတွေ ဖြစ်လာနိုင်သလဲ။

ခိုင်မျိုးထွန်း – ကျနော် အနေနဲ့ ပြောရမယ်ဆိုရင် အခုဖြစ်စဉ်က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှာ ဖြစ်တာ ဒါပေမယ့် ရခိုင်ပြည် တစ်ပြည်လုံးမှာက တစ်ခြားဘူးသီးတောင် မောင်တော မြောက်ဦးရယ်၊ ကျောက် တော်ရယ် မင်းပြားရယ်ပေါ့လေ တစ်ချို့ဆို အမ်းတောင်ရှိပါတယ်။ အဲဒီကနေပြီးတော့ လာတဲ့ စစ်ဘေးရှောင် တွေတောင်မှ စားဝတ်နေရေးကို အရမ်းကို ရုန်းကန်နေရတယ် အထဲမှာလည်း ကျနော်တို့ Covid-19 လည်း အရမ်းကို စိုးရိမ်နေကြရပါတယ်။ ဒါဆို ဒီနေ့ဖြစ်စဉ်မှာလည်းပဲ အခု ကျောက်ဆိပ်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လူတွေက အရမ်းကို စိုးရိမ်နေကြတဲ့ဟာကို ကျနော်တွေ့ရပါတယ်။ အခုက ကျနော်ပြော နေတာ အဲဒီရွာ ကပဲ ကျနော်ပြောနေတာပါ။

မေး – အဲဖက်မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကကော ဘယ်လိုရှိနေသလဲ။

ခိုင်မျိုးထွန်း – လွန်ခဲ့တဲ့ ၂ ရက်လောက်ကပေါ့နော် ။ ကျနော်တို့ အဲဒီ ပုဏ္ဏားကျွန်းမြို့နယ် ဖောင်ဆိပ်တို့ လက်ဝဲ စာတိုက်တို့ ပြီးလို့ရှိရင် ပေါက်တောပြင်ဖက်မှာတော့ မြန်မာတပ်မတော်က လေကြောင်းကနေ ဂျက်ဖိုက်တာ ၂ စင်းနဲ့ လာပြီးတော့ လေကြောင်းကနေ ပစ်ခတ်တဲ့ဟာတွေရှိတယ်။ အဲဒီကနေ ရွာသားတွေ အကုန်လုံး ထွက် ပြေးလာပြီးတော့ ပုဏ္ဏားကျွန်းမြို့ထဲမှာပဲ စစ်ဘေးရှောင်တွေ ရှိတယ်။ ပြီးတော့ ပုဏ္ဏားကျွန်းမြို့အပြင်မှာ အစိုးရ ကနေပြီးတော့ လုပ်ထားတဲ့ နေရာမှာ ခိုလုံနေကြတဲ့ စစ်ဘေးရှောင်တွေလည်း ရှိပါတယ်ခင်ဗျာ။

မေး- အစ်ကိုအနေနဲ့ တစ်ခြားဘာများ ဖြည့်စွက် ပြောစရာ များရှိသေးသလဲ။

ခိုင်မျိုးထွန်း – ကျနော်အနေနဲ့ ပြောချင်တာက Covid-19 ကလည်း တစ်ကမ္ဘာလုံးမှာ အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်။ အဲဒီ Covid-19 ကို ရခိုင်တွေက Covid-19 ဆိုတာ ကြောက်စရာ မဟုတ်ဘူးပေါ့နော်။ ဒီတိုက်ပွဲကပဲ သူတို့အသက်အန္တရာယ်ကို သေစေနိုင်တဲ့ဟာမျိုးတွေ တွေ့ရတယ်။ ကျနော်အနေနဲ့ ပြောရမယ် ဆိုရင် ရခိုင်ပြည်မှာ ဘုန်းကြီးကျောင်းတွေမှာ ကျောင်းတွေမှာ သုံးပေကို မပြောနဲ့ပေါ့နော် အဲဒီ ငါးပေ ပတ်ဝန်း ကျင် ကိုတောင်မှ မိသားစုတစ်ခုလုံးက အိပ်နေရတဲ့ အနေအထား ဆိုတော့ ဒါက အရမ်းကို စိုးရိမ်ရတဲ့ အခြေ အနေဖြစ်လို့ ကျနော်က သက်ဆိုင်ရာ မြန်မာနိုင်ငံ သမ္မတ အပါအဝင်ပေါ့နော် အတိုင်ပင်ခံ အပါအဝင် တစ်ခြား သော နိုင်ငံတကာ သံရုံးတွေကိုလည်း ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ စစ်ပွဲကို အမြန်ဆုံးရပ်တန့် ပေးပြီးတော့ ငြိမ်း ချမ်းရေးကို ကျနော်တို့ ဘယ်လိုသွားမလဲ ဆိုတာကို အဖြေထုတ်စေချင်ပါတယ်ခင်ဗျာ။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...