ကိုဗစ် - ၁၉ ရောဂါကာကွယ်ရန် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်ဆိုင်းမည်ဟု သတင်းထွက်ပေါ်

ကိုဗစ် - ၁၉ ရောဂါကာကွယ်ရန် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်ဆိုင်းမည်ဟု သတင်းထွက်ပေါ်

နန်းဆိုင်ဖူး — COVID-19 ရောဂါအန္တရာယ် ကာကွယ်ထိန်းချုပ်ရန် သျှမ်းပြည် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်ဆိုင်းမည် ဆိုသည့် သတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါသတင်းမှာ ဧပြီလ ၇ ရက်မှ ၂၁ ရက်နေ့အထိ ခရီးသွားလာမှုကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း

သျှမ်းပြည် COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေး ပြည်နယ် အဆင့် ကော်မတီက ထုတ်ပြန်သည့် ကြေညာချက် ဖြစ်သည်။

သျှမ်းပြည်အတွင်းရှိ ပြည်သူများအနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဆေးကုသရန်နှင့် နာရေးကိစ္စမှလွဲပြီး ခရီးသွားလာမည်ဆိုပါက သျှမ်းပြည် COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ၏ ထောက်ခံချက် ရယူပြီးမှ သွားလာကြရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက “တရားဝင် မထုတ်ပြန်သေးဘူး။ ပြည်နယ်အစိုးရအနေနဲ့ အဲဒါတွေ လုပ်ဖို့ ရည်ရွယ်ထားပြီးတော့ အမျိုးသားအဆင့် ဗဟိုကော်မတီမှာ တင်ထားဆဲပဲ ရှိသေးတယ်။ ဗဟိုကော်မတီကနေ ခွင့်ပြုလာရင်တော့ သျှမ်းပြည် တစ်ပြည်လုံးကို အကြောင်းကြားလိုက်ရင်တော့ အကြုံးဝင်တာပေါ့” ဟု  သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့တွင် မိသားစု ၄ဦး COVID-19 ကူးစက်ခံရခြင်းသည် ပြည်တွင်း ကူးစက်မှု အနေအထားဖြစ်သည်ဟု ဒေါက်တာ မျိုးထွန်းက ပြောသည်။ထို့ကြောင့် ခရီးသွားလာမှု ယာယီရပ်ဆိုင်းခြင်းသည် COVID-19 ပြည်တွင်းကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထပ်လောင်းပြောသည်။

ပြည်နယ် အထူးရောဂါနှိမ်နင်းရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက“ခရီးသွားလာတာကို ကန့်သတ်လိုက်မယ်။ အိမ်မှာပဲနေမယ်ဆိုရင်တော့ ကူးစက်မှုနှုန်းကိုတော့ ကာကွယ်ပြီးသားဖြစ်တာပေါ့။ လျှော့ချနိုင်ဖို့ ပိုကောင်းတယ်။ လူတိုင်းသာ အိမ်မှာနေမယ်ဆို့ရင် ဒီရောဂါ ဖြစ်ပွားမှုက သိသိသာသာ ကျသွားမှာပေါ့’’ ဟု  ပြောသည်။

သွားလာမှု ယာယီ ပိတ်ဆိုင်းမည့် ရက်များ၌ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ရေတံခွန်များ စသည်တို့ပါ ယာယီပိတ်ထားရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာမီ သင်္ကြန်ရက်ရှည် ရုံးပိတ်ရက်များ ရောက်ရှိပါက အများပြည်သူ အပန်းဖြေ ခရီးထွက်ခြင်း၊ ဘုရားဖူးခြင်း၊ သွားလာလည်ပတ်ခြင်းများ မပြုလုပ်ရန်လည်း သျှမ်းပြည်အစိုးရက ပြောဆိုလိုက်သည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...