ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြန်ရောက်သည့် အမျိုးသား နှစ်ဦးထံတွင် COVID-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။
ထိုသို့ အတည်ပြုပြီးနောက်ပိုင်းတွင် သျှမ်းပြည်တစ်ခွင်နှင့် မြန်မာပြည်တစ်ဝှမ်းလုံးမှ လူထုကြား ထိတ်လန့်မှု ရင်ဆိုင်နေရသည်။
ထိုင်းမှ မြန်မာသို့ မဲဆောက် – မြဝတီ နှင့် မယ်ဆိုင် - တာချီလိတ်ဘက်မှ ပြန်လာသူ ဦးရေ လေးသောင်းနီးပါး ရှိခဲ့ကြောင်း သိရသည်။
ပြည်ပနိုင်ငံမှ သျှမ်းပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်လာသူသည် မတ် ၂၉ ရက်ထိ ၁၀၅၆၂ ဦး ရှိပြီး၊ သျှမ်းတောင်မှာ ၆၀၇၅ဦး၊ သျှမ်းမြောက် ၂၈၀၀ဦး၊ သျှမ်းအရှေ့တွင် ၁၆၈၇ ဦး ရှိသည်။
ထိုင်းပြန်အများစုသည် မိမိဆန္ဒဖြင့် ကျေးရွာအနီး ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် ၁၄ ရက်နေထိုင်ပြီး စောင့်ကြည့်မှု ခံယူကြသည်။
“ထိုင်းပြန်၊ တရုတ်ပြန်တွေကို ကျနော်တို့ ၁၄ ရက် စောင့်ကြည့်ပါတယ်။ ဒီမှာတော့ သူတို့စားသောက်တဲ့ ကိစ္စကို သူတို့ အိမ်ကလာပို့ကြပါတယ်”ဟု ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်မှ ဦးစံဝင်းမောင်က ပြောသည်။
ဆီဆိုင်မြို့တွင် ထိုင်းပြန် ၄၀၀ ကျော်ရှိပြီး၊ ကျန်းမာရေးဌာနက တစ်ရက် နှစ်ကြိမ် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးသော်လည်း စားဝတ်နေရေးကို ကျေးရွာပြည်သူ၊ သို့မဟုတ် အိမ်သားများက လာရောက်ပေးပို့ကြကြောင်း ဦးစံဝင်းမောင် က ဆိုသည်။
“ကျနော်တို့ဆီမှာတော့ ကိုယ်ထူကိုယ်ထကျေးရွာက အလှူရှင်တွေပဲ။ အစိုးရကတော့ အစားအသောက်အတွက် ထောက်ပံ့တာ မရှိဘူး”ဟု ဦးစံဝင်းမောင်က ထပ်လောင်းပြောကြားသည်။
လက်ရှိမှာ ပြည်ပပြန်များအတွက် အစိုးရအနေဖြင့် ကူညီထောက်ပံ့မှုမျိုး၊ အစားအသောက် ထောက်ပံ့မှုမျိုးမရှိကြောင်း သျှမ်းပြည်ဒေသခံများက တစ်ပြိုင်တည်း ပြောကြသည်။
“နေဖို့၊ စားဖို့ကတော့ အစိုးရ ဘာမှ လာ မကူညီဘူး။ ကျနော်တို့ ဆီဆိုင်မြို့ပေါ်က လူတွေတောင် ကိုယ်အစီအစဉ်နဲ့ နေရတာ။ ကျေးရွာပြန်တဲ့ သူဆိုရင် ပိုဆိုးတယ်”ဟု ဦးစံဝင်းမောင်က ပြောသည်။
ဆက်လက်ပြီး ပင်လောင်းမြို့နယ် တောင်းဗြောင်းကျေးရွာ တိုက်နယ်ဆေးရုံမှ ဒေါက်တာ စန်းထူးအောင်က “ကျောင်းမှာ ထားပါတယ်။ အစားအသောက်က အဓိက အလှူရှင်တွေပါပဲ” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
ပြည်ပမှ ပြန်လာသည့် ပြည်သူများကို မြို့အဝင်အထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးပြီး ထိုသူများ သွားသည့်နေရာကို ကောက်ခံကာ သက်ဆိုင်ရာကို အကြောင်းကြားပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းကို ပြုလုပ်ကြောင်း သျှမ်းပြည်တောင်ပိုင်း ပင်လုံဒေသခံ စိုင်းမိန်းက ပြောသည်။
“ကျနော်တို့ မြို့ဝင်ထွက်နေရာမှာ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တယ်။ နိုင်ငံရပ်ခြားပြန်လာတဲ့သူ စာရင်းကောက်တယ်။ တန့်ယန်းပြန်မယ်၊ မိုင်းကိုင်ပြန်မယ်ဆို ဒီကနေ မိုင်းကိုင်ကို ဘယ်နှစ်ယောက် သွားလိုက်တယ်ဆိုတဲ့ information ပေးတာမျိုး လုပ်တယ်”ဟု စိုင်းမိန်းက ပြောပြသည်။
နိုင်ငံခြားပြန်များကို ရပ်ကွက်အလိုက် ဆင်းစစ်ပြီး စောင့်ကြည့်အဖြစ်ထားကာ မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ် သက်ဆိုင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ရဲများနှင့် မီးသတ်များ ပူးပေါင်းဆောင်ရွက်ကြကြောင်း စိုင်းမိန်းက ထပ်လောင်းပြောသည်။
“သျှမ်းပြည်အစိုးရ ကူညီလားမေးရင် ကျနော်တို့က နိုင်ငံခြားပြန်စာရင်းတွေ ပို့ပေးလိုက်တယ်။ အရေးပေါ် ဘတ်ဂျက်ကို ခုထိ ချပေးတာ မရှိဘူး” ဟု စိုင်းမိန်းကဆိုသည်။
သျှမ်းပြည်နယ်အစိုးရအနေဖြင့် ကျေးရွာ၊မြို့နယ်ကို ကွင်းဆင်းကြည့်ရှုခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများက အစိုးရလုပ်ဆောင်မှုကို မစောင့်နိုင်ကြဘဲမိမိအစီအစဉ်ဖြင့် မိမိ လုပ်ဆောင်နေရသည်ဟု သျှမ်းမြောက် သီပေါမြို့ ဒေသခံများက ပြောသည်။
“ ပြည်ပက ပြန်လာတဲ့သူတွေ ဘယ်လို ဆောင်ရွက်နေလဲလို့ မေးရင် သူတို့က ဘာမှ ပြန်မတုန့်ပြန်ဘူး။ အခု ကျေးရွာက သူတို့အစီအစဉ်နဲ့ပဲ အစားအသောက်လှူကြတယ်။ စောင့်ကြည့်ကြတယ် ” လို့ သီပေါမြို့နေ နန်းနန်းကပြောသည်။
အစိုးရ သက်ဆိုင်ရာအနေဖြင့် COVID-19 နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ဒေသအတွင်း COVID-19 နှင့်ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို ကောင်းမွန်စွာ ရှင်းပြမှု မရှိကြောင်းလည်း နန်းနန်းက ပြောသည်။
ယခုရက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသားသည် COVID-19 အတည်ပြုလူနာ တစ်ဦး ထွက်ပေါ်လာပြီးနောက် သျှမ်းမြောက် ပြည်သူများ စိုးရိမ်မှု ယခင်ထက် မြင့်တက်လာကြောင်းလည်း သျှမ်းပြည်နယ်ဒေသခံတို့က ဆိုသည်။။
“ အခု တစ်ရွာနဲ့ တစ်ရွာ ဝင်ထွက်လို့ မရအောင်၊ သွားလာလို့ မရအောင် ပိတ်ထားတယ်။ ဒီအတိုင်း လုပ်တာ ကောင်းတယ်လို့ ထင်တယ်” ဟု နန်းနန်းက ကျေးရွာအခြေအနေကို ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ထွက်ပေါ်လာပြီးနောက် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မြန်မာပြည်သူများကို ဝင် ထွက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနှင်းအိဖြူက “အကြမ်းဖျင်းအရ ၂သောင်းကျော် ဝင်နေပြီလို့ မှန်းရတယ်။ အိမ်မှာ၊ ဆေးရုံမှာ စောင့်ကြည့်တာကတော့ သောင်းဂဏန်း မပြည့်သေးဘူး။ စာရင်းတွေ လိုက်ပြုစုတုန်းပဲ။ ဝင်လာတဲ့ ဦးရေနဲ့ ထားထားတဲ့ ဦးရေ မကိုက်သေးဘူးဖြစ်နေတယ်။ ရှာဖို့တော့ လိုနေတယ်”ဟု ဆိုသည်။
ပြည်ပပြန်များကို သီးသန့်ခွဲထားပြီး စောင့်ကြည့်ခြင်းသည် ခွဲခြားဆက်ဆံခြင်းမဟုတ်ကြောင်း ၊ ယခုကဲ့သို့ ပြုလုပ်ပေးခြင်းသည် ပြန်လာသည့်သူများကို ကာကွယ်ပေးသည့်အနေဖြင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ဒေါက်တာ နှင်းအိဖြူက ပြောသည်။
၎င်းတို့ကို သက်ဆိုင်ရာက တောင်ကြီးမြို့ပေါ်တွင် ထားရှိကာ နေထိုင်ရန်နှင့် အစားအစာ စီစဉ်ပေးထားသော်လည်း မိမိနေရပ်နှင့် နီးသည့်နေရာတွင်သာ နေခြင်းဖြစ်ကြောင်း ဒေါက်တာ နှင်းအိဖြူက ဆိုသည်။
“စားဝတ်နေရေးကတော့ အစတုန်းက မြို့ကြီးတွေမှာပဲ စုပြီး ထားမယ် ဆိုပြီးတော့ အများထားဖို့ စဉ်းစားကြတယ်။ ပြန်လာတဲ့သူတွေက မိသားစုနဲ့လည်း သိပ်မဝေးတဲ့နေရာမှာ နေချင်တယ်။ ရပ်ရွာ ကျေးရွာ ထိပ်မှာ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ ပို့ထားတယ်။ အစားကတော့ မိသားစုတွေ သူ့အစီအစဉ်နဲ့ သူ ပို့ပေးတာ ရှိတယ်” ဟု ဒေါက်တာ နှင်းအိဖြူက ထပ်လောင်းပြောသည်။။
ထိုင်းနိုင်ငံမှ ပြန်လာသူအားလုံးကို စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ပြန်လာသူတိုင်းလည်း သတင်းပေးပြီး စောင့်ကြည့်ခံရန် လိုအပ်ကြောင်း ဒေါက်တာ နှင်းအိဖြူက ရှင်းပြသည်။
“ပြန်လာတဲ့သူတိုင်း သတင်းပေးပြီး စောင့်ရှောက်မှု ခံယူပါ။ ရောဂါ ရှိခဲ့ရင် စောစောသိ စောစောကု လို့ရပါတယ်” ဟု ဒေါက်တာ နှင်းအိဖြူက တိုက်တွန်းပြောဆိုလိုက်သည်။
သျှမ်းပြည်အတွင်း ဧပြီ ၁ ရက်အထိ COVID-19 စောင့်ကြည့်လူနာ ၈၉ ဦးရှိပြီး၊ သံသယ လူနာ ၁ဦး၊ ပိုးမတွေ့ ၇၇ ဦး၊ ပိုးတွေ့လူနာ ၁ဦးနှင့် အဖြေစောင့်လူနာ ၁၂ဦး ရှိကြောင်း သိရသည်။
သျှမ်းပြည်အစိုးရအနေဖြင့် COVID-19 နှင့် ပတ်သက်ပြီး စနစ်တကျ စီမံခန့်ခွဲစေလိုကြောင်း၊ လုပ်ဆောင်နေသည့်ကိစ္စများကိုလည်း ပွင့်လင်းမြင်သာမှု ရှိစေလိုကြောင်း သျှမ်းပြည်ပြည်သူများက ပြောဆိုကြသည်။
“သျှမ်းပြည် အစိုးရ အနေနဲ့ COVID-19 ကို အစကတည်းက ကိုင်တွယ်သင့်တယ်။ မဟုတ်ရင် မဖြစ်သင့်တာ ဖြစ်လာလိမ့်မယ်” သျှမ်းပြည် ပြည်သူများက တစ်ညီတစ်ညွတ်တည်း ပြောကြသည်။ ။
<><><>
တာချီလိတ်-မယ်ဆိုင်ဂိတ်တွင် သျှမ်းပြည်ပြန်ရန်တန်းစီနေသော ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများ။
Photo by U Htun Maesai







