Shwe Yoe - မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေကို မတ်လ ၂၉ ရက်မှဧပြီလ ၃၀ ရက်အထိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း စက်စဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဟင်္သာမီဒီယာကို အတည်ပြုပြောကြားသည်။
လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်စေရေးအတွက်
စက်စဲကမ်းခြေသို့ ဧည့်သည်ဘုရားဖူးယာဉ်များနှင့် အလှူခံယာဉ်များ ဝင်ခွင့်မပြုကြောင်း ကြေညာထားသည်။
“ပိတ်လိုက်တာလေ။ မနေ့(မတ်လ ၂၉ ရက်)က တရားဝင်စာထွက်ပြီးတော့ ပိတ်လိုက်တာပါ။ စက်စဲကမ်းခြေက အခုလက်ရှိပိတ်ထားတာပါ”ဟု စက်စဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။
လက်ရှိအခြေအနေအရ စက်စဲကျေးရွာဒေသခံများ ကမ်းခြေသို့ သွားလျှင် ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ကမ်းခြေသို့ အခြားသူ သွားမည်ဆိုပါက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။
“စက်စဲရွာသားတွေက သူတို့ကမ်းခြေကိုသွားရင် မေးမှာပေါ့။ ရေကူးဖို့လားပေါ့၊ ရေကူးရင်မရဘူးပေါ့။ ကုန်ရောင်းကုန်ဝယ်တို့ ဈေးသည်တို့ကျတော့ သွားလာလို့ရတယ်”ဟု ဦးစိုးအောင်က ထပ်လောင်းပြောကြားသည်။
စက်စဲကမ်းခြေရှိ ဆိုင်များသည် ဧည်သည်များကိုသာ ရောင်းချပေးနေသည့်အတွက် ဧည့်သည်များ လာရောက်ခြင်းမရှိလျှင် ဆိုင်များကို အလိုလိုပိတ်ကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဧည့်သည်မလာရင် တားစရာမလိုဘူး။ သူ့အလိုလိုပိတ်ကြတာပေါ့။ သူတို့က ဧည့်သည်ကိုပဲ ရောင်းနေကြတော့ ဧည့်သည်မလာရင် သူတို့ အလုပ်လုပ်လို့မရဘူးပေါ့။ တည်းခိုခန်းတွေကျတော့ မပိတ်ပါဘူး။ တည်းခိုခန်းကျတော့ သူ့မိသားစုက သူ လာတည်းရင်တော့ လာလို့ရတာပေါ့”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။



