ထိုင်းနိုင်ငံ အရေးပေါ်အရ တာချီလိတ် နယ်စပ်ဂိတ်အားလုံး ပိတ်

ထိုင်းနိုင်ငံ အရေးပေါ်အရ တာချီလိတ် နယ်စပ်ဂိတ်အားလုံး ပိတ်

ထိုင်းနိုင်ငံ အရေးပေါ် အခြေအနေအရ တာချီလိတ် နယ်စပ်ဂိတ်အားလုံး မတ် ၂၄ ရက် ညနေ ၅နာရီ စတင်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

တရားဝင် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများကို မြန်မာ – ထိုင်း နယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၁) တွင် မတ် ၂၅ ရက် ညနေ ၅ နာရီအထိ တာချီလိတ်သို့ ဖြတ်သန်း ခွင့်ပေးမည်ဟု ထိုင်းအာဏာပိုင်များက ယခင်က ကြေငြာခဲ့သည်။ သို့သော် လက်ရှိမှာ အရေးပေါ် ကြေညာချက် အရ မတ် ၂၄ ရက် ညနေ ၅နာရီတွင် စတင်ပိတ်လိုက်သည်။

“ အရေးပေါ် ကြေညာချက် အရ မနက်ဖန် ပေးမထွက်တော့ပါဘူး။ ဒီနေ့ ည ၅နာရီ ထိပဲ ပေးထွက်တယ်။ အခု တောင် တံခါးပိတ်သွားပါပြီ” ဟု တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ-ထိုင်း ဆက်ဆံရေး တာဝန်ခံ ဦးထွန်း (မယ်ဆိုင် ) က သျှမ်းသံတော်ဆင့်သို့ မတ် ၂၄ တွင် ပြောသည်။

နယ်စပ်တံတားများကို မတ် ၂၃ ရက်တွင် ပိတ်ရန် နှစ်ဖက်နိုင်ငံ သက်ဆိုင်ရာဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် တံတားဖြတ်ကူးရန် မမီလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် နယ်စပ်ဂိတ်သို့ ရောက်ရှိလာသဖြင့် နှစ်နိုင်ငံ ညှိနှိုင်းကာ တာချီလိတ်သို့ ဝင်ခွင့်ပြုခဲ့သည်။

အလားတူ  မတ် ၂၄ ရက် နံနက်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၉ ဦး တာချီလိတ်မြို့သို့ ထပ်မံ ဝင်လာပြီး တာချီလိတ်ဘက်မှလည်း ထိုင်းနိုင်ငံသား ၂၃ ဦးကို မယ်ဆိုင် ဘက်ပြန်ပို့ ပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၈၇၂ ဦးရှိပြီး သေဆုံးသူ ၄ဦးရှိကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက် အရသိရသည်။

မြန်မာနိုင်ငံတွင်လည်း COVID-19 ကူးစက်ခံရသည့် အမျိုးသား ၂ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက မတ် ၂၃ ညတွင် ကြေညာလိုက်သည်။

ထို့ပြင် ထိုင်းနိုင်ငံအကျဉ်း ထောင်အသီးသီးမှ မတ် ၂၃  က ရက်စေ့လွတ်လာသည့် မြန်မာနိုင်ငံသား ၉၂ ဦးကို မြန်မာဘက်သို့ ထိုင်းအာဏာပိုင်များက လွှဲပေးရာ ၁၁ ဦးမှာ အပူချိန်မြင့်နေသဖြင့် COVID-19 သံသယ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားသည်။ ကျန်သည့် ၈၁ ဦးကိုလည်း ၁၄ ရက် သီးခြား စောင့်ကြည့်လူနာ အဖြစ်ထားခဲ့သည်။

“ မနေ့ (မတ် ၂၃  )ကတော့ COVID-19 စောင့်ကြည့်လူနာ ၁၁ဦးပါ။ ဆေးရုံမှာ ထားတယ်။ ဒီနေ့ တစ်ဦးထပ်တိုးလာလို့ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားတယ်။ သူတို့က ထောင်ကနေ လွတ်လာတဲ့သူတွေလေ။ နေမကောင်းတာ။ ဒါပေမယ့် စောင့်ကြည့်ရမယ့် တာဝန်ရှိတယ်လေ” ဟု  တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

တာချီလိတ်ဒေသခံ များအနေဖြင့် မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြရန်၊ ခရီးမသွားကြရန်လည်း ဦးမြင့်နိုင်က တိုက်တွန်းပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မှ မြန်မာပြည် တာချီလိတ်သို့ ပြန်မည့် သူများ(Photo by U Htun Maesai)

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...